ကချင်ပြည်နယ် မြောက်ဖျားပိုင်းမြို့နယ် ၁၀၀ ကျော်တွင် ကြွက်ကျသဖြင့် တောင်ယာစပါးများ ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
ကချင်ပြည်အတွင်းရှိ ဆွမ်ပရာဘွမ်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်များထဲက ကျေးရွာပေါင်း ၁၀၀ ကျော်ခန့်တွင် ကြွက်ဘေးကျရောက်နေသည့်အတွက် တောင်ယားစပါးခင်းများ ပျက်စီးမှု အဆိုးရွားဆုံး အခြေအနေဖြစ်နေပြီ ဟု ဒေသခံများက ပြောသည်။
ဆွမ်ပရာဘွမ်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ စပါးတောင်ယာများကို ကြွက်များ ဝင်ရောက် ဖျက်ဆီးနေ ခြင်းကြောင့် လာမည့်နှစ်များတွင် ဒေသအတွင်း ကြွက်ကပ်ဘေးကြောင့် အစာရေစာငတ်မွတ် ခေါင်းပါးမှု ဒေသ အခေါ် ယူလီခူး ဖြစ်လာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။
“မြစ်ဆုံရဲ့အထက်ဘက်ပေါ့နော်၊ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ အထက်ပိုင်းမှာ ရှိတဲ့ ကချင်လိုတော့ ခရန်ဇွမ် အဲ့ဒီ ရွာတွေဘက်ပေါ့။ ဒီအထက်ဘက်က ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်ထဲက ရွာတွေ အားလုံးမှာရှိတဲ့ တောင် ယာစပါးတွေကို ကြွက်တွေ ကိုက်ဖြတ် စားလိုက်ကြတာ။ ဖျက်ဆီးလိုက်တာမျိုးပေါ့။ အဲ့ဒီ ကြွက်တွေက ဒီစပါး တင်မကပဲ တောင်ယာမှာ စိုက်ထားတဲ့ တခြား ဟင်းသီးဟင်းရွက်တွေ အားလုံးကိုပါ ဖျက်ဆီး လိုက်တယ်” ဟု ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးက ပြောသည်။
နှစ်စဉ် ဒေသအတွင်း တောင်ယာစပါးကို ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးကြပြီး အောက်တိုဘာ လကုန်ပိုင်း တွင် စတင် ရိတ်သိမ်းကြရာ ယခုနှစ်တွင် ကြွက်ကပ်ဘေးကျရောက်နေသည့်အတွက် ယခုနှစ်တွင် ရိတ်ဖို့ရန် စပါးပင် မရှိတော့ဘူးဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီနှစ်မှာတော့ စပါးတစ်ခုမှ ရိတ်သိမ်းစရာ မရှိတော့ဘူး။ ကြွက်တွေ အကုန် စားပစ်တာ။ အဲ့ဒါကြောင့် ကျနော် တို့ဘက်က တောင်ယာ သုံးပုံနှစ်ပုံ လောက်တော့ ပစ်ထားလိုက်ရပြီ ဘာမှာ မရှိတော့လို့။ အခုကျန်သေးတဲ့ တစ် ပုံကလည်း ကျန်မယ့် ပုံမပေါ်ဘူး။ ကျန်နေသေးတဲ့ စပါးခင်းတစ်ပုံလောက်တောင် တစ်ဝက်လောက်က ကြွက် တွေ စားကုန်ပြီ။ ဘာမှ မျှော်လင့်ချက် မရှိတော့ဘူး။”
ဆွမ်ပရာဘွမ်နှင့် အင်ဂျန်းယန်မြို့နယ်အတွင်းက ပြည်သူအများစုသည် စားဝတ်နေရေးအတွက် တောင်ယာ စပါး စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်စားသောက်ကြခြင်းဖြစ်ရာ ယခုကဲ့သို့ ကြွက်ဘေးနှင့်ရင်ဆိုင်နေရသည့် အပြင် လက်ရှိနိုင်ငံရေးအခြေအနေကြောင့်ပါ ရိက္ခာပြတ်လပ်မှု အခက်အခဲမှာ ဆိုးရွားသည့် အနေအထားမျိုး ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။
တောင်ယာစပါးခင်းများကို ကြွက်များ ဖျက်ဆီးနေသည်မှာ တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွာဆိုးလာနေသည်ဟု အင်ဂျန်းယန်က ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့ တောင်ပေါ် ဒေသမှာရှိတဲ့ ပြည်သူများက တောင်ယာစပါးကိုအဓိက လုပ်ကိုင် အစားသောက်တယ်။ တောင်ယာက ထွက်တဲ့စပါးကိုပဲစားတယ်။ တောင်ယာက ထွက်တဲ့ ဟင်းသီးဟင်းရွက်ကိုပဲစားတယ်။ ဝယ်စားဖို့ ပိုက်ဆံလည်း မရှိဘူး။ ပိုက်ဆံရှိရင်လည်း ဝယ်စားဖို့ နေရာမရှိဘူး။ မြို့နဲ့ အရမ်းဝေးပြီး လမ်းပန်းဆက်သွယ် ရေး အရမ်းခက်ခဲတဲ့ ဒေသဖြစ်တယ်။ အခု တောင်ယာစပါးအားလုံးကို ကြွက်က ဖျက်ဆီးလိုက်တော့ စားစရာ မရှိ ငတ်ပြတ်ပြီး အခက်ခဲတွေကြုံတွေ့ရမယ်။ ကျနော်တို့က တောင်ယာ လုပ်ငန်းကလွှဲပြီးလည်း တခြား ဘာမှ မလုပ်စားတတ်တော့ ပိုဆိုးတာပေါ့။”
မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းတစ်လျှောက်နှင့် မလိခမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် အင်ဂျစ် ယန်၊ တီယန်ဇွပ်၊ ဆွတ်ခါး၊ ကဝါးပန်၊ ခဂရန်းယန်၊ မိုင်တောင်း၊ ခရန်ဇွပ်၊ ဆူယန်၊ မိုင်ထောင်၊ အင်ဒုံးယန်၊ အင်ဖျင် ဂါး၊ ဖုန်ဂန်၊ လဝါယန်၊ ဘွမ်ရွန်း၊ လုံကန်ကာ၊ အင်ဘောင်တူ၊ အပါအဝင် ကျေးရွာပေါင်း ၁၀၀ ကျော်က တောင် ယာ စိုက်ခင်းများ ပျက်စီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
အဆိုပါကျေးရွာများထဲ ရွာအချို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တုန်းကလည်း ဝါးသီးသီးခြင်းနှင့် ကြွက်ဘေးကျ ရောက်ခြင်း စတင်ဖြစ်ပွားခဲ့ရာ ယခု ၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားမှုမှာ ဆိုးရွားသည့်အခြေအနေမျိုး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
၁၉၇၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ခန့် အထိ ကချင်ပြည်နယ် အထက်ပိုင်းက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ မချမ်းဘော့ နှင့် နောင်မွန်မြို့နယ်များတွင် ကြွက်ကပ်ဘေးကျရောက်ခဲ့ပြီး ဒေသခံများ စိုက်ပျိုးထားသည် တောင်ယာစိုက်ခင်းများ၊ ကောက်ပဲသီးနှံများ ဖျက်ဆီးခံလိုက်ရပြီး အငတ်ဘေးနှင့် ကြုံခံ့ရသည်လည်း ရှိခဲ့သည်ဟု သိရသည်။