ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

မြိတ်ခရိုင်အတွင်း ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းကြွယ် အသက် ၆၀ နှစ်မှာ ကြာသပတေးနေ့ ည ၈ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

မှော်ကြောင်းရွာသား တစ်ဦးက “သိပ်တောင်မကြာသေးဘူး၊ သူ့ကို အရင် တစ်ခါ နေအိမ်မှာ လာချောင်း ပစ်တာခံရသေးတယ်။ အိမ်နောက် ပေါက်က ဆင်းပြေးမြန်လို့ လွတ်သွားတာ” ဟု ပြောသည်။

သေဆုံးသူ ဦးဝင်းကြွယ်သည် နယ်မြေအတွင်း နာမည်ကြီးဖြစ်သည့် လက္ကူးကျေးရွာရှိ ကြက်တိုက်ဝိုင်း နှင့် လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်နေသူ တစ်ဦးဖြစ်ပြီး လက္ကူးကျေးရွာနှင့် မှော်ကြောင်းကျေးရွာ လမ်းပိုင်း အကြားရှိ ရော်ဘာတောတစ်နေရာအနီး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

လက္ကူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းကြွယ် သည် မှော်ကြောင်းကျေးရွာသား ဖြစ်သည့်အတွက် စစ်ကောင်စီတပ်စွဲထားသည့် မှော်ကြောင်းကျေးရွာနှင့် လက္ကူးကျေးရွာတို့တွင် တလှည့်စီ နေထိုင်တတ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြီးသည့် မေလအတွင်း ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ တာဝန်များမှ အပြီးနှုတ်ထွက်ကြရန် သတိပေးခံရပြီးနောက် လက္ကူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ကို နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဦးမောင်ကို၏ နေရာတွင် ဦးဝင်းကြွယ်က အုပ်စုမှူးတာဝန် ဆက်လက်ယူခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။