ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး တနင်္ဂနွေနေ့ နံနက် ၇ နာရီအချိန်က ပစ်သတ်ခံ ရသည်ဟု ဒေသခံများက ပြောသည်။

အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်း ဆိုသူကို အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှမင်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ဒေသခံများက ပြောသည်။

”သူဆိုင်ကယ်စီးသွားနေတဲ့အချိန်မှာ သေနတ်သမားတွေက အနီးကပ် ပစ်ခတ်သွားတယ်လို့ သိရတယ်။ သေနတ် ဒဏ်ရာ ၃ ချက်နဲ့ အခင်းဖြစ်တဲ့နေရာမှာဘဲ ဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန် ထားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒု-ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း ပစ်သတ်ခံခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေး မှူးများ၊ သတင်းပေး ဒလန်ဆိုသူများနှင့် နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့် ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွား လေ့ရှိသည်။