ပျူစောထီးအား ဓါးဖြင့် ခုတ်သည်ဆိုသည့် အမျိုးသားကို ရဲက ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ပျူစောထီးခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ဓါးဖြင့် ခုတ်သည်ဆိုသော အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲအတွင်းရှိ တပိုကျေးရွာတွင် ပျူစောထီးခေါင်းဆောင် ဦးမိုးထွန်းဦးနှင့် အဖွဲ့ဝင်တစ်ဦးတို့ကို ဓါးဖြင့်ခုတ်သည်ဟု ဆိုသော အသက် ၆၀ အရွယ် ဦးအေးဝင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ လတုန်းက ပျူခေါင်းဆောင်က ဦးအေးဝင်းကို စစ်တပ်ခေါ် ဖမ်းခိုင်းမယ်လို့ ပြောထားတာရှိတယ်။ ရွာမှာ အဲ့ဒီ ပျူခေါင်းဆောင်က လက်နက်ကိုင်ပြီး ရွာသားတွေအပေါ် အနိုင်ကျင့်တာတွေ အများကြီးရှိတယ်” ဟု အသက် ၅၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၁ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်က လက်သမားဆရာ ဦးအေးဝင်း နေအိမ်အတွင်း ရှိနေသည့် ပျူစောထီးခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးတို့ကို ဓါးဖြင့် ဝင်ရောက်ခုတ်ခဲ့ရာ ဒဏ်ရာပြင်းထန်ပြီး ပလဆေးရုံတွင် တက်ရောက်နေရသည်ဟု သိရသည်။

ရဲတပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီးချိန် ဦးအေးဝင်းက အဖမ်းမခံဘဲ ဓါးဖြင့် ပြန်ခုတ်ပြီး ခုခံနေသည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်ပြီး နေရာတွင် သေဆုံးသွား သည်ဟု သိရသည်။

ဓါးဖြင့်အခုတ်ခံရသူ ပျူစောထီးခေါင်းဆောင် ဦးမိုးထွန်းဦးသည် ဦးအေးဝင်းကို PDFများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ဖမ်းဆီးမည်ဟု လက်နက်ပြ အနိုင်ကျင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တလနီးပါးခန့် ခရီး ထွက်သွားလာခဲ့ရာမှ အိမ်ပြန်ရောက်ချိန်တွင် ယခုကဲ့သို့ ဓါးဖြင့်ခုတ်ခံရခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။

ဓါးဖြင့်အခုတ်ခံရသည့် ပျူစောထီးခေါင်းဆောင် ဦးမိုးထွန်းဦး လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး အဖွဲ့ဝင်တစ်ဦးမှာလည်း ညာလက်ကောက်ဝတ် အထက်ပိုင်း ပြတ်ထွက်သွားသဖြင့် ပလဆေးရုံသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု ရွာသားများက ပြောသည်။

ရဲတပ်ဖွဲ့က ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ဦးအေးဝင်း အလောင်းကို စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်း မှာ ပင် သင်္ဂြိုလ်လိုက်သည်ဟု ရွာသားများက ပြောသည်။