စစ်ကောင်စီတပ်က ဥယျာဉ်လုပ်သား တစ်ဦးကို ဓါးဖြင့် ထိုးပြီး ရော်ဘာခြံတွင် အလောင်း ပစ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဥယျာဉ် အလုပ်သမားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဓါးဖြင့် ထိုးသတ်ပြီး အလောင်းကို ရော်ဘာခြံထဲတွင် စွန့်ပစ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ကလုံးထာကျေးရွာတွင် ဥယျာဉ်ခြံလုပ်သား အသက် ၅၀ အရွယ် ဦးမောင်မောင် ဆိုသူကို စစ်သားများက ဓါးဖြင့် ထိုးသတ်ပြီး ခြံထဲတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

“သူက ရွာကိုရောက်လာပြီးနေတာ တစ်နှစ်လောက်ပဲရှိသေးတာ။ အနေအေးပြီး ရိုးလွန်းလို့ ကလုံးထာ ရွာသား တယောက်က ခြံစောင့်လုပ်ဖို့ ခေါ်ထားတာ” ဟု အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ဒေသခံ PDF များကို ရှာဖွေရန်ဟုဆိုကာ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့က ခြံအလုပ်သမား ဖြစ်သူ ဦးမောင်မောင်ကို စက်တင်ဘာ ၂၁ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင် ရွာဦးတံတားထိပ်အနီးရှိ အိမ်တစ် ဆောင်၏ ရှေ့တွင် ဓါးဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဦးမောင်မောင်၏ ရုပ်အလောင်းကို ရော်ဘာခြံထဲတွင် စွန့်ပစ်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ကလုံးထာကျေး ရွာနှင့် အနီးတဝိုက်ရှိ ဥယျာဉ်ခြံများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ဒေသခံရွာသားများသည်လည်း နီးစပ်ရာ တောတောင်များနှင့် ဘုန်းကြီးကျောင်းထဲ ထွက်ပြေး တိမ်း ရှောင် နေကြရသည်ဟု ရွာသားများ က ပြောသည်။