စစ်ကောင်စီ တပ်စွဲနေရာကို ကာကွယ်ရေး ပူးပေါင်းအဖွဲ့ ဝင်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီတပ်က တပ်စွဲထားသည့်နေရာတစ်ခုကို Ye Defence Force (YDF) ရေးကာကွယ်ရေး တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ဝင်ရောင်စီးနင်းပြီး လက်နက်များ သိမ်းဆည်းနိုင်ခဲ့သည်ဟု YDF အဖွဲ့ က ထုတ်ပြန် ပြောဆို လိုက်သည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ခလရ (၅၈၈) တပ်ရင်းအနီး ကြိုးတံတား ဘုန်းကြီး‌ကျောင်းတောင်ကုန်း ပေါ် တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာ ၂၃ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်က Ye Defence Force (YDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့သည်။

”(၅၈၈) တပ်ရင်း အနီး ကြိုးတံတား ဘုန်းကြီးကျောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စကစနဲ့ သူ့လက်အောက် ခံ ပျူစောထီးတွေကို ကျနော်တို့ Ye Defence Force – YDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း ခဲ့တယ်” ဟု Ye Defence Force – YDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက တပ်စွဲထားသည့်နေရာကို ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည့် အတွက် ပစ်ခတ်မှုမဖြစ်ပွားပဲ ကျန်ခဲ့သည့် လက်နက်များကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟုလည်း Ye Defence Force-YDF အဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်စွဲထားသည့် နေရာမှ M16 (A1) တစ်လက်၊-AK (47) တစ်လက်၊ ကိုးလုံးကျည် (ဂျောက်ဂျက်)တစ်လက်နှင့် ငှက်ကြီးတောင်ဓားတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း Ye Defence Force-YDF က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ (၁၀၆) တပ်ရင်းရှိ တပ်ရင်းမှူး နေအိမ်ကိုလည်း ရေးမြို့နယ် ပြောက်ကျားတပ်ဖွဲ့က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။