Mytel ရုံးရှေ့ ဗုံးကွဲ၊ လူငယ်တစ်ဦးကို စစ်ကောင်စီ ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်။

Mytel ဆက်သွယ်ရေး ရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် ပုသိမ်မြို့က လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ည ၁၁ နာရီအချိန် ဝန်းကျင်တွင် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် ကွင်းကလေးလမ်း က လူငယ် တစ်ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု အဆိုပါ လမ်းအတွင်း နေထိုင်သူများက ပြောပြသည်။

အဖမ်းခံလိုက်ရသည့် လူငယ် အမျိုးသားမှာ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်နေ ကိုထက်မြတ်အောင် ဆိုသူ ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

“ဝုန်း ဆိုတဲ့ အသံက အိမ်တောင်တုန်သွားတယ်။ ကုန်စည်ဒိုင်ဝန်းထဲက ကာစီနို ဝိုင်းက လူတွေရော KTV က လူ တွေရော ပြေးထွက်လာကြတယ်” ဟု မိုင်တဲရုံးရှေ့ ကသမတ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ကမ်းနားလမ်းရှိ အဆင့်မြင့် ကုန်စည်ဒိုင် အဆောက်အဦက Mytel ဆက်သွယ်ရေးရုံးရှေ့တွင် အောက်တိုဘာလ ၂ ရက်နေ့၊ ည ၈ နာရီအချိန် ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရုံးရှေ့ ပလက်ဖောင်းပေါ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးအရှေ့ပိုင်း မျက်နှာစာ အနည်းငယ် ထိခိုက်ပျက်စီး သွားသော်လည်း လူထိခိုက်မှု မရှိ ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။

“စစ်တပ်နဲ့ ရဲက အဲ့ရုံးနားမှာရှိတဲ့ KBZ ဘဏ်၊ KBZ PAY CENTER ၊ နဲ့ AYA ဘဏ် က CCTV မှတ်တမ်းတွေကို လိုက်လံသိမ်းသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး က ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် ကန်ကြီးထောင့်မြို့ PDF အဖွဲ့တို့ ပူးပေါင်းကာ ဧရာဝ တီ စစ်ဒေသခွဲ နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် စစ်ကောင်စီ၏ စီးပွားရေး ထောက်တိုင် Mytel ရုံးကို အဝေး ထိန်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းသည် ဟု ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့ PSTF က သတင်းထုတ်ပြန်ထား သည်။

ပုသိမ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းကလည်း ရဲဝန်ထမ်း အိမ်ရာရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်း အခွန်များဦးစီးရုံးလည်း ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခံခဲ့ရသေးသည်။