ဖမ်းဆီးခံ ပျောက်ကြား တပ်ဖွဲ့ဝင် တလကြာသည်အထိ အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် စစ်တပ်၏ ဖမ်းဆီးမှုကို ခံလိုက်ရသည့် ပြောက်ကျားတပ်ဖွဲ့ဝင်မှာ မိသားစုဝင်များ နှင့် အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်နေကြသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ရှမ်းတောင်၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် ချိုးဖြူမြို့ပြ ပြောက်ကျား တပ်ဖွဲ့ (Joe Phyu Guerrilla Force) မှ ရဲဘော်တစ်ဦးမှာ ပစ်ခတ်ဖမ်းဆီးခံလိုက်ရပြီး ယနေ့အချိန်ထိ မိသားစုဝင်များ နှင့် အဆက်အသွယ်မရသေးဘူးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မိသားစုနှင့် နီးစပ်သူ အသက် ၅၀ နှစ်အရွယ် နွားကွေ့ရွာခံ အမျိုးသမီးတစ်ဦးက “ဖမ်းခံထားရတာ တစ်လနီးပါး ကြာပြီဆိုတော့ မိသားစုဝင်တွေတော့ စိတ်ပူတာပေါ့။ ရိုက်နှက်ကြမလား၊ စစ် ကြောရေးမှာပဲ နှိပ်စက်ခံရမလား တွေးပူနေကြတယ်။ အသက်ရှိသေးတယ် ထောင်ထဲမှာ ဆိုရင်လည်း အိမ်က အစားအသောက်လေးတွေ၊ အဝတ် အထည် စောင်တွေ သွားပို့ပေးလို့ရတာပေါ့။ တကယ်လို့ သတ်လိုက်ပြီ ဆို ရင် လည်း အကြောင်းပြန်ပေးပါ။ ကျမတို့က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ပေးမယ်။ အဲလိုလေး ဖြစ်စေ ချင်တာ ပေါ့နော်” ဟု ပြော သည်။

ချိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့ PST တပ်ခွဲမှ ဖမ်းဆီးခံလိုက်ရသည့် အသက် ၃၅ နှစ်အရွယ် ရဲဘော် ကိုမောင် လေးမှာ ပင်းတယမြို့နယ်၊ နွားကွေ့ကျေးရွာတွင် နေထိုင်သူဖြစ်သည်။

၎င်းမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ လှူ ဒါန်းရန် အောင်ပန်းမြို့မဈေးတွင် ဈေးဝယ်နေချိန် စစ်ကောင်စီသတင်းပေး (ဒလန်)များ၏ သတင်းပေးမှုကြောင့် ပစ်ခတ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ချိုးဖြူပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဖမ်းခံရတုန်းက သေနတ်မှန် မမှန် ကျနော်တို့အတိကျ မသိ ရဘူး။ သူ့အိမ်ကလည်း မသိရဘူး။ ပစ်ခတ် ဖမ်းခံရ တယ် ဆိုပေမယ့် မိုးပေါ်ထောင်ပစ်ပြီး ဖမ်းတာလား တ ကယ်ပစ်တာလား မသိရဘူး။ ခုချိန်အထိ သေလား၊ ရှင်လား၊ ဘာမှကို အဆက်အသွယ်မရသေးဘူး” ဟု ပြော သည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များနှင့် CDM ဝန်ထမ်းများကို ဖမ်းဆီးရာတွင် ယခင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၏ စစ်ကြောရေးစခန်းတွင် ချုပ် နှောင်ထားလေ့ရှိသော်လည်း ယခု ဖမ်းဆီးခံရသော ကိုမောင်လေးအား မည်သည့်နေရာတွင် ဖမ်းဆီးထား ကြောင်း စုံစမ်းမေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်း မရှိဘူးဟု ဆိုသည်။

ထို့အပြင် ကိုမောင်လေး စတင်ဖမ်းဆီးခံရချိန်က အောင်ပန်းရဲစခန်းနှင့် တောင်လေးလုံး အကျဉ်းထောင်တို့တွင် မိသားစုဝင်များက လိုက်လံစုံစမ်းသော်လည်း သတင်းအစအနပင် မရခဲ့ဘူးဟု ပြောသည်။

ချိုးဖြူမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှာ ရွာငံ PDF နှင့် ပူးပေါင်းကာ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးမြို့ နယ်တို့တွင် မကြာဏ စစ်ရေးလှုပ်ရှားလေ့ရှိသည့်အပြင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသည့် အဖွဲ့ဖြစ်သည်။

ယခု ရဲဘော်ကိုမောင်လေး ဖမ်းဆီးခံရမှုမှာလည်း စစ်ရေးလှုပ်ရှားမှုနှင့် မသက်ဆိုင်ပဲ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရန် စျေးသွားချိန်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ချိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့တွင် ကိုမောင်လေးအပါအဝင် ဖမ်းဆီးခံရသည့် ရဲဘော် ၃ ဦး ရှိပြီဖြစ်ပြီး လက်ရှိ အချိန်ထိ ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ် မရသေးသောကြောင့် မိသားစုဝင်များမှာ စိုးရိမ် ပူပန်နေ ကြသည်။