ပေါက်မြို့နယ်တွင် စစ်ကောင်စီမီးရှို့မှုကြောင့် ရွာ သုံးပုံ နှစ်ပုံခန့် မီးလောင်ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက သီးချောက်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ကျေးရွာအတွင်းရှိ နေ အိမ် သုံးပုံနှစ်ပုံနီးပါးခန့် မီးလောင် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးချောက်ကျေးရွာကို စစ်တပ်က အောက်တိုဘာလ ၁၂ ရက်နေ့၊ ည ၉ နာရီ အချိန် တွင် မီးရှို့ခဲ့ခြင်း ဖြစ်သည်။

သီးချောက် ဒေသခံတစ်ဦးက “ခုမနက်ထိကို မီးခိုးတွေ မြင်နေရသေးတယ်။ ညကလည်း တညလုံး မီးလောင် နေတာ။ မီးရောင်မြင်နေရတယ်။ ဒီစစ်ကြောင်းက ပေါက်ကနေ လာတာ၊ ပေါက်ကတဆင့် ပင်တောင်ကျေးရွာ ကနေမှ သီးချောက်ရွာကိုဝင်တာ” ဟု ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ (ယနေ့) နံနက်ပိုင်းအထိ ကျေးရွာအတွင်း မီးလောင်နေသေးသည်ဟု ရွာသားများ က ပြောသည်။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် သီးချောက်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ခဲ့ခြင်းကြောင့် နေ အိမ် သုံးပုံနှစ်ပုံ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ သီးချောက်ကျေးရွာက ရွာသားများသည့် ဘေးလွတ်သည့် နေရာများတွင် ရွာလုံးကျွတ် ထွက် ပြေးတိမ်းရှောင်နေရပြီး ရွာသားအချို့က ခပ်လှမ်းလှမ်းမှနေ၍ စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

စစ်တပ်သည် သီးချောက်ကျေးရွာကို အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာအတွင်းတွင်လည်း သေနတ်များ ပစ်ဖောက်ခြင်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့အထိ အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းက သီးချောက်ကျေးရွာအတွင်း ရှိနေသေးသည့်အတွက် ကဒေသခံရွာသားများက ကျေးရွာထဲ ပြန်မဝင်နိုင်သေးဘူးဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက် နေ့အထိ နိုင်ငံတဝှမ်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်၊ အဆောက်အအုံ စုစုပေါင်း ၃၆၂၀၉ လုံးရှိသည်ဟု ISP-Myanmar က ထုတ်ပြန်ထားသည်။

ထိုသို့ နိုင်ငံတဝှမ်း မီးရှို့ခံရှုများထဲတွင် အများဆုံးမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းထဲတွင် အများဆုံးဖြစ်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည်။