ပျူစောထီးအဖွဲ့ဝင် အငြိမ်းစားရဲတပ်ကြပ် တစ်ဦး သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ထားဝယ်ခရိုင်အတွင်းတွင် အငြိမ်းစားရဲတပ်ကြပ်ဟောင်း ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့ အဝင် လမ်းပိုင်းတနေရာတွင် အငြိမ်းစားရဲတပ်ကြပ်ဟောင်း ပျူစောထီးအဖွဲ့ဝင် ဦးချိုလွင် ဆိုသူ အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် ၅ နာရီ ခွဲ အချိန်ခန့်က သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခံရပြီး ကျည်ထိမှန်ကာ ဆေးကုသမှုခံယူနေရသည်။

“သူက စစ်အာဏာ မသိမ်းခင်ကတည်းက ပင်စင်ယူပြီး ဂျုံနဲ့ မုန့်မျိုးစုံလုပ်ပြီး ဆိုင်တွေ လိုက်ပို့တယ်။ စစ်တပ် သတင်းပေး လုပ်နေတယ်ဆိုတာတော့ တမြို့လုံးလိုလို သိနေကြတယ်” ဟု အသက် ၄၅ နှစ် အရွယ် လောင်းလုံး မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လောင်းလုံးမြို့မရဲစခန်းမှ အငြိမ်းစား ရဲတပ်ကြပ် (နယ်ထိန်း) ဟောင်း ဦးချိုလွင် လဘက်ရည်ဆိုင်များသို့ အီကြာ ကွေး လိုက်ပို့နေစဉ် ယခုကဲ့သို့ လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဦးချိုလွင်သည် လက်ရှိတွင် စစ်ကောင်စီကို သတင်းပေးလုပ်နေပြီး၊ ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်လည်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာရသွားသူ ဦးချိုလွင်ကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဖက်သို့ သယ်ယူ သွားပြီး လက်ရှိတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

ဦးချိုလွင်ကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခြင်းကို လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ LLPDF မှ ၎င်းတို့ အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင်ပင် သတင်းထုတ်ပြန် ထား သည်။

စစ်ကောင်စီ သတင်းပေး ဆိုသူ ဦးချိုလွင်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ် စစ်ကြောင်းများ ဖြိုခွင်း ရာတွင် ကူညီပေးခြင်း၊ ကိုယ်တိုင်လည်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ ပျူစောထီးသင်တန်း ဖွင့်လှစ်နိုင်ရန် စည်းရုံးပေးနေသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ၎င်းသည် လောင်းကစားဝိုင်းများတွင် ငွေကြေးကောက်ခံ၍ နောက်ကွယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များအား ထောက်ပံ့နေခြင်းနှင့် သတင်းယူပေးခြင်းများကိုပါ ပြုလုပ်နေခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ရသည်ဟု LLPDF အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။