မွန် ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့ တာဝန်ခံ ကျဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲငယ်တစ်ခုတွင် မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့ (MSRO) တာဝန်ခံ ကျဆုံးသွားသည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့နယ် အနောက်ဘက် ၇ မိုင်ခန့်အကွာ အစင်ကျေးရွာအုပ်စု ဇီးဖြူသောင်ကျေးရွာရဲစခန်းကို အောက်တိုဘာ လ ၁၇ ရက်နေ့၊ ညနေပိုင်းအချိန်ခန့်က MSRO အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ဇီးဖြူသောင်ကျေးရွာ ရဲစခန်းကို တိုက်ခိုက်အပြီး ပြန်လည်ဆုတ်ခွာစဥ် မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့စစ်ကြောင်းနှင့် စစ်ကောက်စီတပ်တို့ ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု ပလိုင်ကီးကျေးရွာအနီးတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု MSRO ကထုတ်ပြန်ထားသည်။

အဆိုတိုက်ပွဲငယ်တွင် မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့တာဝန်ခံ ရဲဘော် ကိုသီဟနေစိုး (ခ) တိုဘီ (ခ) ကိုအဂ္ဂ ကျဆုံးသွားသည်ဟုလည်း MSRO က ထုတ်ပြန်ထားသည်။

ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဥ်နှင့် MSRO နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီ ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

”ဇီးဖြူတောင် ပစ်ခတ်မှုဖြစ်စဥ်မှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာ ရှိတယ်လို့တော့ ကြားသိရ တယ်။ ဒါပေမယ့် အရေအတွက် အတိအကျတော့ ကျနော်တို့လည်း မသိနိုင်ဘူး” ဟု ရေးဒေသခံတစ်ဦး က ပြောသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်မှာ ဇီးဖြူတောင် ပစ်ခတ်မှုဖြစ်စဥ်တွင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး လက်မောင်းဖောက်ဝင် တစ်ချက်နှင့် ရဲဘော်တစ်ဦး ခြေသလုံးဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ကျဆုံးသွားသည့် MSRO အဖွဲ့တာဝန်ခံ ကိုသီဟနေစိုးသည် ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ်ရေးရာ တာဝန်ခံတစ်ဦးလည်း ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်ခဲ့သူ ဖြစ်သည်။

မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ် တည်နေရာများ ရဲစခန်း များ နှင့် ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ရှိသည့်အပြင် မြို့နယ်နှင့် ရပ်ကျေး အုပ်ချုပ် ရေးမှူးများ၊ စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူများကိုလည်း မကြာခဋ္ဌ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့် အဖွဲ့ ဖြစ် သည်။