PDF စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ပန်းရံ လုပ်သား မိသားစုနှင့် အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

PDF နှင့်ဆက်သွယ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံရသည့် ပန်းရံလုပ်သားတစ်ဦးအား ရက်သတ္တပတ်ရှိသည်အထိ မိသားစု ဝင်များနှင့် ဆက်သွယ် တွေ့ဆုံခွင့် မပေးဟု မိသားစုဝင်များက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် ၉ တွင် နေထိုင်သည့် ပန်းရံလုပ်သားဖြစ်သူ ကိုအောင်သူ ကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ ဖမ်းဆီးထားခဲ့ပြီး ယနေ့အချိန်ထိ လွတ်မြောက်ခြင်း မရှိသေးသလို ဆက်သွယ်၍လည်း မရသေးဘူးဟု ဇနီးဖြစ်သူက ပြောသည်။

“ဖမ်းဆီးတဲ့ညက အိမ်မှာ မွှေနှောက်လာရှာဖွေသွားတာ။ သူတို့သက်သေ ဖြစ်မယ့်ဟာလည်း တစ်ခုမှ ရမသွား ဘူး။ ကျမအမျိုးသားက ဖုန်းထဲမှာလည်း နိုင်ငံရေးအကြောင်း ဘာတစ်ခုမှမရှိဘူး။ စခန်းမှူးကို ငွေရေးကြေး ရေးလည်း အစုံပြောပြီးပြီ။ မြို့နယ်အထိ ရောက်သွားပြီမို့ မရတော့ဘူးတဲ့” ဟု ၎င်း၏ ဇနီးဖြစ်သူက ပြော သည်။

ကိုအောင်သူသည် အောက်တိုဘာလ ၁၃ ရက်နေ့၊ ည ၈ နာရီဝန်းကျင် အချိန်ခန့်တွင် စားစရာများထည့်ထားသော စက္ကူကတ်ဖာ တင်ပို့မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့အထိ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပြုဘူးဟု ပြော သည်။

လက်ရှိတွင် ကိုအောင်သူ ကို ကျောက်မဲ မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စားစရာများလည်း ပို့ခွင့် မပေးဘဲ စခန်းမှူးမှ ၎င်းအား ထမင်းကျွေးပေးမည်ဟု ဆိုကာ တစ်လလျှင် ငွေကျပ် ၁သိန်းခွဲပေးရန် တောင်းခံ ထားသည်ဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

“ကျောက်မဲလာရင် ကျမတို့အိမ်မှာ လာအိပ်နေကြ မိတ်ဆွေ ကားဆရာ တစ်ယောက်ရှိတယ်။ အမြဲတမ်း အိမ်ကို လာတော့ အိမ်က ကားဂိတ်သဘော ဖြစ်သွားတာ။ သူ့မိတ်ဆွေ ဖိုးလုံးဆိုတဲ့သူက တောင်ပေါ်ကို ပစ္စည်းပို့ဖို့ ခဏ လာထားတာ။ ကျမနဲ့လည်း မသိဘူး။ ကျမ ဖွင့်ကြည့်တော့ စားစရာတွေပါပဲ။ ပစ္စည်းပို့လိုက်ပြီလို့ သတင်းရ တာနဲ့ လာဖမ်းတာပါ” ဟု ၎င်း၏ ဇနီးဖြစ်သူ က ဆက်လက် ပြောသည်။

ကျောက်မဲ ရဲစခန်းမှူးကလည်း ကိုအောင်သူ၏ အမှုမှာ အပြစ်ကြီးသောကြောင့် ကွင်းလုံးကျွတ် မလွတ်နိုင်ဘူးဟု ဆိုကာ ၎င်းအား ပြစ်မှုငယ်အောင်သာ လုပ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း ငွေပေးရမည်ဟု ဆိုခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

“ဘယ်လောက်ပေးရမလဲ ဆိုတာတော့ မပြောသေးဘူး။ သူတို့အပြစ်ငယ်အောင် လုပ်‌ပေးရင် ထောင် ၅ နှစ်ပေါ့။ မဟုတ်ရင် နှစ် ၂၀ ကျမယ်။ သူတို့ ပြောတဲ့ပုံစံက ငွေလည်းကုန် လူလည်းထောင်ကျပေါ့။ တကယ်တမ်း ငွေပေး လို့ သူလွတ်လာရင်တော့ ကျမ ငွေတိုးရှာပြီးပေးမယ်။ လွတ်လာရင် အကြွးဆပ်မယ်။ မဟုတ်ရင်တော့ သူက လည်းအထဲမှာ ကျမမှာလည်း ကလေး ၄ ယောက်နဲ့ အဆင်မပြေဘူးလေ” ဟု ဇနီးဖြစ်သူက ဆက်ပြောသည်။

ဇနီးဖြစ်သူမှာ ငွေရေးကြေးရေး အဆင်မပြေသောကြောင့် ရှေ့နေပင် ငှားရန် မတတ်နိုင်ပဲ ကိုအောင်သူအား အခမဲ့ ကူညီနိုင်မည့် ရှေ့နေနှင့် အဖွဲ့အစည်းများ မျှော်လင့်နေသည်ဟု ပြောသည်။

ကိုအောင်သူအား PDF ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထားသော်လည်း ထိုစက္ကူကတ်ဖာအား ပို့ဆောင်ပေး သည့် ယာဉ်မောင်းနှင့် အဝေးပြေးကားဂိတ်ကိုမူ တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘူးဟု ဆိုသည်။

ဓါတ်ပုံ – SHAN