ပျူစောထီးခေါင်းဆောင်အိမ် လက်ပစ်ဗုံးပစ်ခံရပြီး ဒေသခံ ၆ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

ပျူစောထီး ခေါင်းဆောင် တစ်ဦး၏ နေအိမ် လက်ပစ်ဗုံး နှင့် အပစ်ခံရပြီးနောက် ဧရာဝတီတိုင်း၊ အတွင်းက ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ က ဖမ်းဆီးထားသည်ဟု နီးစပ်သူများက ပြောသည်။

ကျိုက်လတ်မြို့နယ် ကျုံတုံးလက်ပံ ကျေးရွာအုပ်စု၊ အလယ်စုကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ပျူစောထီး ခေါင်း ဆောင် ဦးဌေးဝင်း၏ နေအိမ် အောက်တိုဘာလ ၂၀ ရက်နေ့၊ ညနေပိုင်းက လက်ပစ်ဗုံးဖြင့် အပစ်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ဒေသခံများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “လက်ပစ်ဗုံးနဲ့ အိမ်ကို အပစ်ခံရတဲ့ ပျူခေါင်းဆောင်ကတော့ လက်မှာ ဒဏ်ရသွားတယ်” ဟု ပြောသည်။

လက်မှာဒဏ်ရရှိသွားသည့် အလယ်စုကျေးရွာက ဦးဌေးဝင်းသည် လက်ရှိတွင် ပျူစောထီးခေါင်းဆောင် တစ်ဦး ဖြစ်သည့်အပြင် ယခင်ကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ မဘသအဖွဲ့ဝင် တပ်ထောက်ခံ ပွဲများအတွက် လူစုစည်းပေးသူလည်း ဖြစ်ကာ ဒေသအတွင်း စစ်ကောင်စီ၏ သတင်းပေးတစ်ဦး အဖြစ် လူသိ များသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို ဒေသခံ တော်လှန်ရေး အင်အားစုဖြစ်သည့် Red Dragon အဖွဲ့က ဧရာဝတီ နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

“ဗုံးပေါက်ပြီးသွာတာ ၃ ရက် ရှိနေပြီ။ အဖမ်းခံရတဲ့သူတွေ ပြန်လွတ် မလာသေးဘူး။ အဆက်အသွယ်လည်း မရသေးတော့ မိသားစုတွေက စိုးရိမ်နေတယ်” ဟု အဖမ်းခံရသူ၏ မိသားစုဝင်တစ်ဦး က ပြောသည်။

ဗုံးပေါက်ကွဲပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့အဝင်အထွက်ဂိတ်များတွင် ပိတ် ဆို့ စစ်ဆေးခြင်းကို အောက်တိုဘာလ ၂၂ ရက် အထိ ဆက်တိုက် လုပ်ဆောင်နေကြပြီး မြို့ပေါ်ရပ်ကွက် များတွင်လည်း ညစဉ်ညတိုင်း ဧည့်စာရင်းစစ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်လတ်မြို့နယ် အတွင်းက နိုင်ငံရေး ပုဒ်မ အမျိုးမျိုးနှင့် ဖမ်းဆီးခံ ရထားရသူ အမျိုးသား၊ အမျိုးသမီး ၁၅၀ ကျော်ရှိနေပြီး ၄၅ ဦးခန့်ကို ထောင်ဒဏ်အသီးသီး ချမှတ်ခံရပြီး ဖြစ် သည်ဟုလည်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။