တနင်္သာရီ တိုက်ပွဲများကြောင့် ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
တနင်္သာရီမြို့နယ်အတွင်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးထိမှန်ခဲ့ပြီး ဒေသခံ ၁၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီမြို့နယ်တွင် အောက်တိုဘာလကုန်ပိုင်းမှ စ၍ နိုဝင်ဘာ ပထမပတ်အတွင်းထိ စစ်ကောင်စီတပ်ဖွဲ့ များနှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည့် ၆ ရက်အတွင်း ညောင်ပင်ကွင်းနှင့် ဘန်လောကျေးရွာများ ဘက်သို့ စစ်ကောင်စီ ဘက်မှ ၁၂၀ မမ လက်နက်ကြီးများ အသုံးပြု၍ ပစ်ခတ်ခဲ့သဖြင့် လူနေအိမ် ၁၅ လုံးကျော်လည်း ထိမှန်ပျက်စီး ကာ လူထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသက် ၅၀ အရွယ် ညောင်ပင်ကွင်းရွာသားတစ်ဦးက “ရွာတွေမှာ လူမရှိတော့ဘူး။ ဆွေမျိုးရှိသူတွေက တနင်္သာ ရီနဲ့ မြိတ်ဘက်ကို ထွက်ပြေးကုန်ကြပြီ။ မှီခိုရာ မရှိတဲ့ လက်လုပ်လက်စားသမား မိသားစုတွေတော့ ဘေးကင်း မယ်ထင်တဲ့ နီးစပ်ရာ ရွာတွေဘက်ကို ရှောင်နေကြရတာပေါ့” ဟု ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့များအား မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၂) တပ်ခွဲ (၁) နှင့် တနင်္သာရီ မြို့နယ် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂) တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ညောင်ပင်ကွင်းကျေးရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ က နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နေ့လည်ပိုင်းမှ ညနေပိုင်း မိုးချုပ်သည်အထိ စစ်ကောင်စီတပ်ဘက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အသုံးပြု၍ ပစ်ခတ်ခဲ့မှု များကြောင့် ညောင်ပင်ကွင်းကျေးရွာမှ ရွာသား ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်။
ထို့အပြင် ကျေးရွာအတွင်းက အရပ်သားပြည်သူများ၏ နေအိမ် ၁၀ လုံးကျော်လည်း ထိမျန် ပျက်စီးခဲ့သည်။
စစ်ကောင်စီဘက်က ရွာသားများကို ဖမ်းဆီးကာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ရိုက်နှက်ခြင်းမျိုးလည်း ရှိခဲ့ပြီး ညောင်ပင်ကွင်း၊ သဘော့လိပ်၊ ထုံမခါ၊ ဘန်လော၊ ဘန်လင်၊ ခြောက်မိုင်၊ ဂဏန်းကွင်း၊ သကျက်ကွင်း ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော်တို့သည် ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေကြရခြင်း ဖြစ်သည် ဟု ဒေသခံများကပြောသည်။
ထိုသို့နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တိမ်းရှောင်နေကြရသည့် ဒေသခံများမှာ စားရိက္ခာများနှင့် ဆေးဝါးများ ကူညီ စောင့်ရှောက်ပေးနိုင်မည့် အဖွဲ့အစည်းများကိုလည်း မျှော်လင့်နေကြရသည်ဟု ဒေသခံတစ်ဦး က ပြောသည်။
အောက်တိုဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောက်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး ပြည် သူ့ ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၂ ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ လက်နက်ကြီးကျည် ထိမှန်သဖြင့် နေအိမ် ၄ လုံး လည်း ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။