ထပ်ခန့် အုပ်ကြီး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာက ထပ်မံခန့်အပ် တာဝန်ပေးထားသည့် အုပ်ချုပ်ရေးမှူး နဖူးကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး သွား သည်ဟု ဒေသခံများက ပြောသည်။
မရမ်းချောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဆိုသူကို အမည်မသိ သေနတ်သမားများက ဇန္နဝါရီလ ၁၄ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်က ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
မရမ်းချောင်ဒေသခံတစ်ဦးက “မနေ့ညက ဘုရားကိုးဆူ အနားမှာ သေနတ်သမားတွေက ပစ်သတ်သွားတယ်။ သူ က အုပ်ချုပ်ရေးမှူး ဖြစ်လာတာ မကြာသေးဘူး။ အရင်က အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးမှ သူ့ကို ခန့်ထား တာ။ အရင် အုပ်ချုပ်ရေးမှူးကလည်း ဒီလိုပဲ ပစ်သတ်ခံရတယ်” ဟု ပြောသည်။
မရမ်းချောင်ကျေးရွာ ဘုရားကိုးဆူအနီးတွင် ဆိုင်ကယ်ဖြင့် ရောက်လာသည့် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် ၄၇ နှစ်ရှိ ဦးအောင်ထွန်းသည် နဖူးက ကျည်ထိမှန် ဒဏ်ရာဖြင့် အခင်း ဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသည် ယခင် မရမ်းချောင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး ပစ်သတ်ခံလိုက်ရ သည့် နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လနောက်ပိုင်းမှသာ ထပ်မံခန့်အပ်ခံထားရသူ အုပ်ချုပ်ရေးမှူးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း စစ်ဆေးရှာ ဖွေမှုများ လုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ် ဆောင်သည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ဇန္နဝါရီလ ၁၃ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ဆယ်အိမ်မှူးတစ်ဦးနှင့် အမျိုးသား တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်သတ်သွားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အပြင် ဒလန်ဟု ဆိုပြီး သတ်မှတ်ခံရသူများ၊ စစ်ကောင်စီ သတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်း ခံရလေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။