ရေး-ထားဝယ်လမ်း အရပ်သား ကားတစ်စီး ပစ်ခံရ၊ သံဃာတပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
ပြည်ထောင်စုကားလမ်းမကြီး ရေး-ထားဝယ် ကားလမ်းပိုင်းတွင် ဟိုက်ဂျက် ကားတစ်စီးပစ်ခတ်ခံရပြီး ကားပေါ် ပါ လူ ၈ ဦး အနက် သံဃာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး အခြားသူများမှာ အသီးသီး ဒဏ် ရာရရှိခဲ့သည်။
ထားဝယ်မှ ရေဖြူမြို့နယ် ရာဖူးကျေးရွာဘက်သို့ မောင်းနှင်လာစဉ် နှမ်းကြဲကျေးရွာနှင့် မိုင်တိုင် ၃၀ အကြား တွင် ပစ်ခတ်ခံခဲ့ရတာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“တောင်ပေါ်ကနေ ပုန်းပြီး သေနတ်တွေနဲ့ပစ်တာ။ အချက်ရေ ၃၀ ကျော်မယ်ထင်တယ်။ ကားလာမှ ပစ်တာ လူ တော့မမြင်ရဘူး။ ကြောက်ပြီးကားပေါ်မှာပဲ ကွေးပြီး ပုန်းနေရတာ။ ကားတစ်စီးလုံး မောင်မယ်ရှောင် ရွာသား တွေ ချည်းပါပဲ” ဟု ထိခိုက်ဒဏ်ရာရသူ တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်ခံရမှုထဲ သံဃာတော်တစ်ပါး နှင့် အမျိုးသမီး သေဆုံးခဲ့သည့်အပြင် ယာဉ်မောင်းသူ အပါအဝင် အခြား ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ သည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသွားသူများမှာ ကားရှေ့ခန်းတွင် လိုက်ပါလာသူ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာဇာတိ ဖြစ်သည့် ရာဖူးရွာသစ် ဗုဒ္ဓသာသနာ့ ရက္ခိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥက္ကဋ္ဌ သက်တော် ၆၀ ပျံလွန် တော်မူ ခဲ့ပြီး ကားနောက်ခန်းမှ ဒေါ်အုန်းမြ အသက် ၆၅ နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့အပြင် ယာဉ်မောင်း ဦးသန်းထွေး အသက် ၆၀ နှစ်၊ မနန်းမိုး အသက် ၂၃ နှစ်၊ မောင်မိုးသူရအောင် အသက် ၁၈ နှစ်၊ မသင်းရနံ့လှိုင် အသက် ၁၂ နှစ် တို့နှင့်အတူ အခြားကလေးငယ်နှစ်ဦးလည်း ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ဆိုသည်။
သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူ လေးဦးကို ဇမ္ဗူသီရိ၊ ရင်ခုန်သံ၊ ဇဟာအားမာန်၊ မောင်မယ်မေတ္တာ၊ ဖြူစင်မေတ္တာ စသည့် လူမှုကူညီရေးအသင်းဖွဲ့များက ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။
၎င်းတို့အနက် ကလေးလူနာ (မစိုးရိမ်ရ) ၂ ဦးကိုမူ ကလိန်အောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု လူမှုကူညီရေး အသင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။