စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီး အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အရပ်သား တစ်ဦးကို ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာထားသည့် စစ်တိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သား များက ပြည်သူတစ်ဦးကို ပစ်သတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
အင်းတော်မြို့နယ်၊ မဲဇာကျေးရွာက ရွာသားတစ်ဦးကို မဲဇာရဲစခန်းရှေ့တွင် ပစ်သတ်လိုက်ခြင်း ဖြစ်သည်။
ဒေသခံ လူငယ်တစ်ဦးက “အဲ့ညက ၁၀ နာရီ ၄၅ မှာ မဲဇာရဲစခန်းရှေ့မှာ ကိုစိုးနိုင်ဆိုတာ အသတ်ခံလိုက်ရတယ်။ အဲ့ဒီလူက နည်းနည်းလေး စိတ်ဖောက်ပြန်နေတာ။ မဲဇာရွာကနေ အလယ်ဆိပ်ရွာကို ပြန်တာ။ ပြန်တဲ့အခါမှာ အဲ့ဒီ မဲဇာရဲစခန်းရှေ့ရောက်မှ ပစ်သတ်ခံလိုက်ရတာ။ ကိုစိုးနိုင်က အသက် ၄၅ နှစ်၊ အိမ်ထောင်တော့ မရှိဘူး။ လူပျိုကြီးပေါ့။ အလောင်းကတော့ ပြန်ရပြီ။ သူ့မိသားစုဝင်တွေ ပြန်သွားကောက်လာပြီး သင်္ဂြိုလ်ပြီးသွားပြီ” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ည ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အင်းတော်မြို့နယ်၊ မဲဇာကျေးရွာ ရဲစခန်းရှေ့တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
ပစ်သတ်ခံရသူမှာ အလယ်ဆိပ်ကျေးရွာသား ကိုစိုးနိုင် ဆိုသူဖြစ်ပြီး၊ စိတ်ဝေဒနာသည် တစ်ဦးဖြစ်သည်။ မဲဇာကျေးရွာမှ အလယ်ဆိပ်ကျေးရွာသို့ အပြန် လမ်းတွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
သေဆုံးသူ၏ အလောင်းကို မိသားစုဝင်များက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် သွားကောက်ပြီး အလယ်ဆိပ် သုဿန်တွင် သင်္ဂြိုလ်လိုက်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူများက ပြောသည်။
အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နေ့လည်ပိုင်းက အင်းတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်တစ်ဂိတ်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးခံရသူမှာ ကိုမင်းမင်းဦး (ခ) ကိုလမင်း ဖြစ် ပြီး စစ်ကောင်စီတပ်များက PDF ဟု စွတ်စွဲပြောဆိုထားကာ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျှက် ရှိ ကြောင်း စစ်ကောင်စီပိုင်သည့် Fifty Two Telegram Channelတွင် တင်ထားသည်ဟု Indaw Revolution-IR ထုတ်ပြန်ထားသည်။
ထို့ကြောင့် အင်းတော်မြို့ ပေါ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်ပိုင်း အဖမ်းအဆီး အစစ်အဆေးများ ပိုများလာသည့်အတွက် ပြည်သူများ အထူးဂရုစိုက်ရန်လည်း Indaw Revolution-IR ထုတ်ပြန် သတိပေး ထား သည်။
စစ်ကိုင်းတိုင်းအတွင်းက အင်းတော်မြို့အပါအဝင် ကောလင်း၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့် မြို့နယ်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့် မြို့များဖြစ်သည်။