နမခ နယ်မြေအတွင်း တပ်ပြေး ၁၀ ဦးအား လိုက်လံရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း လက်နက်များနှင့်တကွ ထွက်ပြေးသွားသည့် တပ်သား ၁၀ ဦးကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)၊ ပညာရေး အမှတ် ၁၁ မှ စစ်ကောင်စီတပ်သား ၁၀ ဦးတို့သည် လက်နက်များနှင့်တတွ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု မြို့ခံပြည်သူများ က ပြောသည်။

မုံရွာမြို့နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “တပ်ပြေးတယ်ဆိုတော့ သူတို့ တပ်တွင်း သတင်းကြားတာ ပေါ့။ နောက်ပြီးတော့ သူတို့ လူရှာသလို စစ်ဆေးရေးဂိတ်မှာ ရုပ်တွေ သေချာစစ်တယ်။ PDF တွေကို ရှာနေတာ နဲ့ မတူဘဲ တပ်ပြေးရှာတဲ့ ပုံစံမျိုးပေါ့” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၁၀ ဦးမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ည ၉ နာရီအချိန်ခန့် ကတည်းက ထွက်ပြေး သွားခဲ့သည်ဖြစ်ရာ ၎င်းတို့အား ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာတစ်မြို့လုံးတွင် စစ်ဆေးရေးဂိတ်များ တိုးမြင့်၍ ပိတ်ဆို့စစ်ဆေးရှာဖွေနေသည်ဟု မြို့ခံပြည်သူများက ပြောသည်။

ထိုတပ်ပြေးများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်၍ မုံရွာမြို့ တောင်ဘက်အထွက်၊ ညောင်ပင်ဇောက် ရပ် ကွက်၊ အမြင့်လမ်းခွဲအနီးရှိ ယခင် လဝကရုံး အဟောင်းရှေ့တွင် စစ်ဆေးရေးဂိတ်များ တိုးချပြီး လမ်းသွားလမ်း လာပြည်သူ တစ်ဦးချင်းစီ၏ ဖုန်းများကိုပါ တင်းကြပ်စွာ စစ်ဆေးနေသည်ဟု မုံရွာမြို့ခံ တစ်ဦးက ပြောသည်။

ထိုသို့ မြို့တွင်း၌ စစ်ဆေးရှာဖွေနေရုံသာမက မုံရွာမြို့ပြင်ဖြစ်သည့် မြေနဲကျေးရွာနှင့် မင်းကျေးရွာအကြားရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်၏ အနီးတစ်ဝိုက်တွင်လည်း စစ်အင်အား၊ လက်နက်အင်အား အပြည့်ဖြင့် နေရာယူထားပြီး မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “မနေ့ည ရပ်ကွက်ထဲမှာ ပေါ်တင် လာ အော်သွားတယ်။ ပျူတွေနဲ့ တပ်ပြေးတွေ လက်ခံထားမိရင် ပြန်အပ်ပါတဲ့။ တခြားရပ်ကွက်တော့ မသိဘူး။ ကျမတို့ လမ်းထဲတော့ လာအော်သွားတာပဲ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင်လည်း မုံရွာမြို့၊ အောင် မင်္ဂလာရပ်ကွက်၊ အလယ်ရပ်၊ ဖရဲနီလမ်းမပေါ်၌ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း တပ်ပြေးများကို ရှာဖွေရာတွင် မသင်္ကာဖြစ်သည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးခဲ့ သေး သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့် အမျိုးသားမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး နောက်ဆက်တွဲဖြစ်စဉ်များကို အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက် အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း နမခ၏ ကွက်ကဲရေးမှူး လက်အောက်ခံ တပ်ကြပ် ကြီး ကိုမင်းသူ (ကိုယ်ပိုင်နံပါတ်- ၃၄၅၇၁) သည် လည်း စစ်ကိုင်းတိုင်း အခြေစိုက် အမိမြေတော်လှန်ရေး အဖွဲ့ထံ သို့ လက်နက်နှင့်တကွ CDM ပြုလုပ်၍ အလင်းဝင်ခဲ့ပြီး ၎င်းအား ငွေကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့သေးသည်။