မွန်ပြည်နယ်မှ နိုင်ကျဉ်း ၃၀ ဦးပြန်လွတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။
မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရောအကျဉ်းထောင်နှင့် သထုံအကျဥ်းထောင်တို့မှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃၀ ဦး ပြန်လည်လွတ်မြောက်လာသည်။
မွန်ပြည်နယ်အတွင်း ပုဒ်မ ၅၀၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများအနက် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှ အကျဥ်းသား ၅ ဦး၊ အကျဉ်းသူ ၂၁ ဦးနှင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄ ဦး လွတ်မြောက်သည်ဟု အကျဥ်းထောင်မှ ထုတ်ပြန်ထားချက်အရ သိရသည်။
နိုင်ငံရေးအကျဥ်းသားများအရေး ကူညီနေသူတစ်ဦးက “ကနဦး သိရတာက ၃၂ ဦး လွတ်မယ်။ လွှတ်တဲ့အချိန်မှာ သထုံအကျဥ်းထောင်က လွှတ်မယ့် ၆ ဦးထဲမှာတော့ ၂ ဦးက လွတ်မလာဘူး” ဟု ပြောသည်။
စာရင်းအရ ပြန်လွတ်မြောက်သည့် အကျဥ်းသား ၃၂ ဦး ရှိသော်လည်း ပြန်လွှတ်ချိန်တွင် အကျဥ်းသား ၂ ဦး ပြန် လွတ်လာခြင်းမရှိခဲ့ပေ။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇ ဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက မေလ ၃ ရက်နေ့က နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိ သော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက အကျဥ်း သားများကို ပြန်လွှတ်ပေးခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလအတွင်း ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၁၈၇၉ ဦး ရှိပြီဟု သိရသည်။
ပြန်လည်လွတ်မြောက်လာသူ ၄၀၈၂ ဦး ဖြစ်သည်ဟု AAPP ၏ စာရင်များတွင် ဖော်ပြထားသည်။
ကဆုန်လပြည့်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၂၁၅၃) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့သော်လည်း AAPP က မေလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိ ကောက်ခံရထားသည့် စာရင်းအရ (၁၂၇၇) ဦးကို အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
၎င်းတို့ အတည်ပြုနိုင်ခဲ့သည့် လူဦးရေ ၁၂၇၇ ဦးအနက် လူဦးရေ ၉၆ ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင် ခဲ့ဟု AAPP က ဆိုသည်။