“လူထုလည်ပင်းညှစ်နေသည့် စစ်အုပ်စုလက်ထက် ကုန်စျေးနှုန်းဂယက်”

ဝေဟင်စိုး

နံနက်မိုးလင်းသည်နှင့် ပဲပြုတ်နှင့် ထမင်းကြမ်း နံနက်စာအဆာပြေသည် မြန်မာလူမျိုးတို့၏ ဓလေ့အဖြစ် ရှိ‌နေ သည်မှာ ငြင်း၍မရပေ။ ယင်းမှလွဲ၍ အခြေခံလူတန်းစားများအတွက် နံနက်စာအဆာပြေသည် ရပ်ကွက်အတွင်း ရောင်းချသည့် အသုတ်နှင့် မုန့်ဟင်းခါးထက်မပို။ နိုင်ငံရေးဆိုသည်မှာ ပဲပြုတ်ရောင်းနေသည်ပင်လျှင် နိုင်ငံရေးဟု ပြောစမှတ်ရှိကြသည်။

ယခင်က ပဲပြုတ်တဆယ်သား ကျပ် ၄၀၀ မျှသာရှိပြီး ကျပ် ၂၀၀-၃၀၀ ဖိုးအထိ လိုသလို ဝယ်ယူနိုင်သော်လည်း ယခုတွင်မူ ပဲပြုတ် တဆယ်သား ကျပ် ၈၀၀-၁,၀၀၀ ဖြစ်နေပြီး အနည်းဆုံး ငါးကျပ်သားဝယ်မှသာ ရောင်းချပေးနိုင်တော့သည့် အခြေအနေဖြစ်သည်ဟု ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင်နေထိုင်သူ မဇင်မာ (အမည်လွှဲ) က ငြီးတွားသည်။

“အခြေခံကုန်ဈေးနှုန်းက ပဲပြုတ်တဆယ်သားတောင် တထောင်ဖြစ်နေတယ်။ တပိဿာကို တသောင်းဈေးလေ။ အရင်လို သုံးရာဖိုးလောက်ပဲပေးပါဆိုရင် ဈေးသည်ကမရောင်းဘူး။ အနည်းဆုံး ငါးကျပ်သားဝယ်မှပဲ ရောင်းပေးတာ။ မုန့်ဟင်းခါးတပွဲ အကြော်မပါ ငွေတထောင်၊ အရည်ကကျဲကျဲ မုန့်ဖတ်က ပါတောင်မပါတော့တဲ့ ဘုရားစူး မုန့်ဟင်းခါးပါ” ဟု ဆိုသည်။

တဆက်တည်းပင် မိသားစုဘဝရပ်တည်မှုနှင့်ပတ်သက်၍ သူမ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စက်ချုပ် ခြင်းဖြစ်ပြီး နေအိမ်တွင် မိသားစုဝင်လေးဦးရှိသည့်အနက် မိခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဖခင် ဖြစ်သူမှာ အနှေးယာဉ်လုပ်သား (ဆိုက်ကားဆရာ) တစ်ဦး ဖြစ်ကြောင်းနှင့် ပုံမှန်ဝင်ငွေ နည်းပါးသူဖြစ်ကြောင်း ဆို သည်။ သူမ၏ အသက် ၁၆ နှစ်အရွယ် မောင်ဖြစ်သူမှာ ရန်ကုန်မြို့အတွင်း အမှာပစ္စည်း လိုက်လံပို့ဆောင်သည့် (Delivery) အလုပ် လုပ်ကိုင်ကြောင်း ဆိုသည်။

ဖခင်နှင့် မောင်ဖြစ်သူတို့ ရရှိသည့်ဝင်ငွေဖြင့် နိစ္စဓူဝစားဝတ်နေရေးကို ဖြေရှင်းနေရပြီး သူမ စက်ချုပ်သည့်ဝင်ငွေ ဖြင့် အိမ်လခနှင့် မိခင်ဖြစ်သူအား ဆေးဝါးကုသပေးနေရကြောင်း မဇင်မာက သူမ၏ မိသားစုဘဝအခြေအနေ အပေါ် ထပ်လောင်းရှင်းပြသည်။

သူမနှင့်မိသားစုသည် မြစ်ဝကျွန်းပေါ်‌ဒေသတခုမှ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဆင်ခြေဖုံးရပ်ကွက် တခုတွင် အခြေချနေထိုင်ရန် ၂၀၁၄ ခုနှစ်အတွင်းက ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့သည် အကြပ်တည်းဆုံးကာလများဟုလည်း ဆိုပြန်သည်။


“နိုင်ငံရေးအခြေအနေတွေက အခုလို ကမောက်ကမဖြစ်တော့ ညီမတို့ အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံ ပိတ်လိုက်ရတယ်။ နောက်စက်ရုံတခု ထပ်ပြောင်းတယ်။ အဲဒီစက်ရုံကလည်း ထပ်ပိတ်ပြန်တော့ အလုပ်မရှိလို့ နားနေရ သေးတယ်။ အလုပ်နားနေတဲ့အချိန် အိမ်လခမပေးနိုင်လို့ တောင်းပန်ပြီးစောင့်ခိုင်းရတယ်။ အခု အလုပ်ပြန်ဆင်းရတော့လည်း လျှပ်စစ်မီးတွေက တအားပြတ်တော့ အချိန်ပိုမဆင်းရဘူး။ ဝင်ငွေတွေက နည်းသွားတယ်။ ကုန်ဈေးနှုန်းကလည်း တစ်ရိပ်ရိပ်တက်လာတော့ ထမင်းနှစ်နပ်မှာ တနပ်ပဲ ပေါင်းစားရမယ့် အခြေအနေပါ။ လူတိုင်းကအလုပ်ကို ဟန်မပျက်သွားလာနေရပေမယ့် ဝင်ငွေနဲ့ တက်လာတဲ့ ကုန်ဈေးနှုန်းကို လိုက်လို့မမီဘူးဖြစ်နေတာ” ဟု ရှင်းပြသည်။

စစ်အုပ်စုလက်ထက် မြင့်တက်လာသော အခြေခံစားသောက်ကုန်စျေးများ

အခြေခံစားသောက်ကုန်များဟုဆိုလျှင် ဆန်၊ ဆီ၊ ကြက်သွန်မှစ၍ ပြောရမည်ဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းခဲ့ သည့် ၂၀၂၁ ဖေဖော်ဝါရီလမှ အစပြု၍ အခြေခံစားသောက်ကုန်ဈေးနှုန်းသည် ကျရိပ်မရှိ တက်ရိပ်ဖြင့်သာ တရိပ်ရိပ် ထိုးတက်လာခဲ့သည်။

ယခု ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဆန်ဈေးနှုန်းအပါအဝင် စားသုံးဆီဈေးနှုန်း၊ ဟင်းသီးဟင်းရွက်ဈေးနှုန်း၊ သားငါးဈေးနှုန်းများကို အနီးစပ်ဆုံး စုံစမ်းဖော်ပြထားပြီး ထိုဈေးနှုန်းများမှာလည်း အပြောင်းအလဲရှိနိုင်ကြောင်း အခြေခံစားသောက်ကုန်ဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါ ဆန်ဈေးနှုန်းများသည် ဧပြီလ နောက်ဆုံးပတ်အတွင်း ထပ်မံမြင့်တက်ဖွယ်ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ဆန်ဈေးနှုန်းသည် ယခု ဧပြီလ နောက်ဆုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ် (အဟောင်း) တအိတ်လျှင် ၁၁၆,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ် (ထိပ်စ) အသစ် ၉၇,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ် ၉၄,၀၀၀ ကျပ်၊ ရွှေဘို ဧရာမင်းထူးရှယ်( အသစ်) ၈၇,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းမွှေး ၈၉,၀၀၀ ကျပ်၊ မနောသုခ (ရှယ်) ၆၅,၀၀၀ ကျပ်၊ ဧရာမင်း (ရှယ်) ၇၆,၀၀၀ ကျပ်အထိ အသီးသီးရှိသည်။

အလားတူ စားသုံးဆီဈေးနှုန်းအနေဖြင့် စားအုန်းဆီ တပိဿာ ကျပ် ၉,၀၀၀၊ ပဲဆီ ကျပ် ၁၀,၀၀၀၊ Meizan 0.9L ကျပ် ၄,၇၀၀၊ 1.8L ကျပ် ၉,၅၀၀၊ Goody ဟင်းရွက်ဆီ 0.9L ကျပ် ၅,၁၀၀၊ 1.8L ကျပ် ၉,၅၀၀၊ 5.0L ကျပ် ၂၅,၂၀၀၊ 9.0L ကျပ် ၄၆,၅၀၀၊ 18L ကျပ် ၈၄,၀၀၀၊ ပုဇွန်နှစ်ကောင် ဟင်းရွက်ဆီ 1L ကျပ် ၄,၆၀၀၊ 2L ကျပ် ၉,၃၀၀၊ 5L ကျပ် ၂၂,၅၀၀၊ 9L ကျပ် ၃၉,၀၀၀၊ 18L ကျပ် ၇၅,၀၀၀ ရှိနေသည်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းသည် ခရမ်းချဉ်သီး တပိဿာလျှင် ကျပ် ၃,၀၀၀၊ ကြက်သွန်နီ အရွယ်အစားပေါ်မူတည်၍ ကျပ် ၂,၂၀၀ အထိရှိနေပြီး ကြက်ဉ အသေးတလုံး ကျပ် ၂၅၀ ၊ အကြီးတစ်လုံး ကျပ် ၂၇၀ ၊ ဘဲဉအသေးတလုံး ကျပ် ၃၂၀၊ အကြီးတလုံး ကျပ် ၃၇၀ အထိ မြင့်တက်လာသည်။

သားငါးဈေးအနေဖြင့် မည်သည့်ငါးမဆို အနည်းဆုံး ကျပ်သုံးထောင်ဖိုးဝယ်ယူမှသာ မိသားစုဝင်နည်းသူများအတွက် တနပ်စာစားသုံးရန် အဆင်ပြေပြီး ကြက်သား အသားကောင်း တပိဿာလျှင် ကျပ် ၁၂,၀၀၀ ၊ အမဲသား တပိဿာလျှင် ကျပ် ၁၆,၀၀၀ နှင့် ဝက်သားတပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်လာသည်။

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများအနေဖြင့်လည်း အောက်တိန်း 92 တလီတာ ၂,၀၅၅ ကျပ် ၊ အောက်တိန်း 95 တလီတာ ၂,၁၄၅ ကျပ်၊ ဒီဇယ် တလီတာ ၁,၉၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂,၀၅၅ ကျပ် အထိ မြင့်တက်လာသည်။

မီးမလာလို့ ရေတင်မရသော ဥပမာနှင့် ကုန်ဈေးနှုန်း (သို့မဟုတ်) ဘာ့ကြောင့် ကုန်ဈေးနှုန်းတွေ တက်ရတာလဲ

လက်ရှိတွင် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားရှိသည့်အနက် ရောင်းလိုအားဖြစ်သည့် ကုန်ထုတ်လုပ်မှုများ ကျဆင်းလာခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် စက်သုံးဆီဈေးနှုန်းအပြင် အခြားထုတ်ကုန်အသီးသီးနှင့်သက်ဆိုင်သော သွင်းအားစုအမယ်များ ဈေးတက်လာခြင်းကြောင့်ဖြစ်ပြီး ယင်းအတွက် ထုတ်ကုန်ပစ္စည်းတခုစီတိုင်းတွင် ဈေးနှုန်းများမြင့်တက်လာသည်ဟု ယေဘုယျပြောနိုင်ကြောင်း စက်မှုလုပ်ငန်းရှင်တဉီးက သူ၏အမြင်ကို ထောက်ပြသည်။

“လျှပ်စစ်မီးနဲ့ တည်ဆောက်ထားတဲ့ မြို့ပြလိုနေရာမျိုးတွေမှာ လျှပ်စစ်မီး ဖူလုံအောင်မပေးနိုင်တာဟာ ကုန်ထုတ် လုပ်ငန်းတွေ ကျဆင်းစေတာပဲ။ ဒါက လျှပ်စစ်မီးနဲ့ ဆိုင်တာလေးကိုပဲပြောတာ။ ကုန်ဈေးနှုန်းတွေတက်လာတာ ဘာ့ကြောင့်လဲဆိုတဲ့ အစပေါ့။ ဆက်နွယ်နေတဲ့ အခြေခံအကြောင်းတရားတွေပေါ့။ ဒီလိုပဲ စီးပွားရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောမယ်ဆိုရင် ဆက်စပ်နေတာတွေက အများကြီး။ ပြည်တွင်းကုန်ထုတ်လုပ်မှုအတွက် နယ်ပယ်အလိုက် အခြေခံကျတဲ့ အဆောက်အအုံတွေကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သရွေ့တော့ လုထုပဲ ခါးစည်းခံနေရဉီးမှာ။ ဥပမာဗျာ မီးမလာလို့ ရေတင်မရတာမျိုးပေါ့။ ဒါက ဆန်းတော့ မဆန်းပါဘူး။ စီးပွားရေး တိုးတက်တာ၊ မတိုးတက်တာတွေဟာလည်း အဲဒီသဘောပါပဲ” ဟု ၎င်းက လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်သည့်အပေါ် ဥပမာပြု ပြောကြားသည်။

ဆင်သေကို ဆိတ်သရေဖြင့် ဖုံးနေသည့် စစ်ခေါင်းဆောင်စကား

“ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေထက် စီးပွားရေးတိုးတက်မှုအား ပိုမိုကောင်းလာမယ်လို့ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

၎င်းကပင် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကြပ်အတည်းများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းအားများ စုစည်းမှုကောင်းလာသောကြောင့် ကုန်ထုတ်လုပ်မှုများ ကောင်းမွန်လာကြောင်း၊ နယ်စပ်ကုန်သွယ်မှုများကို အတိုင်းအတာတခုအထိ ဖွင့်လှစ်လာနိုင်ခြင်းကြောင့် လုပ်ငန်းများ ပြန်လည်လည်ပတ်လာနိုင်ပြီး နိုင်ငံ၏စီးပွားရေးသည် အနုတ်လက္ခဏာမှ အပေါင်းသုံးရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့သည်ဟုလည်း ဆိုပြန်သည်။

ထို့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီးပွားရေးမြှင့်တင်သည့်နေရာတွင် ခိုင်မာသော စီးပွားရေးလုပ်ငန်းများအား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းဖြစ်ပြီး MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေကြောင်း ပြောဆိုသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းပြည်စီးပွားရေး ယခုနှစ်အတွင်း တိုးတက်လာမည်ဟု ပြောဆိုမှုများ ရှိသော်လည်း လက်ရှိ လူထုရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့် အထွေထွေအကြပ်အတည်းများသည် ဆင်သေကို ဆိတ်သရေဖြင့် ဖုံးမရပေ။

စစ်အုပ်စုလက်ထက် ဇောက်ထိုးဆင်းသွားသည့် နိုင်ငံ့စီးပွားရေး

ပြည်တွင်း၌ တရက်လျှင် ၄ နာရီမျှသာ အချိန်ခွဲခြားရရှိနေသည့် လျှပ်စစ်မီးကြောင့် ထုတ်ကုန်လုပ်ငန်းများ လျော့ကျခြင်း၊ စက်သုံးဆီဈေးကြောင့် ကုန်စည်စီးဆင်းမှုစရိတ်မြင့်တက်ကာ အခြေခံစားကုန်ဈေးနှုန်းများမှာ ရက်သတ္တပတ်နှင့်တပတ် တရိပ်ရိပ် မြင့်တက်လာသည်။

နိုင်ငံ့စီးပွားရေးသည် စစ်တပ်အာဏာသိမ်း နှစ်နှစ်အတွင်း ပဋိပက္ခများကြောင့် ဆိုးဆိုးရွားရွား ကျဆင်းနေသကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP သည်လည်း ယခုနှစ် စက်တင်ဘာလအထိ ၃% မျှသာ ရှိကြောင်း ကမ္ဘာ့ဘဏ်၏ မတ် ၃၁ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအတွင်း စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်းပဋိပက္ခများ၊ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုများနှင့် မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်များသည် နိုင်ငံရေးနှင့် လူမှုရေးအတွက် အကြပ်အတည်းဖြစ်စေပြီး စီးပွားရေးကို ဆက်လက်ဆိုးရွားစေသလို မတည်ငြိမ်နိုင်လွန်းသည့် စည်းမျဉ်း ကန့်သတ်ချက်များကြောင့် ရုပ်အားဖြင့်ပင် တိုးတက်လာဖွယ် မရှိသေးကြောင်း ဆိုထားသည်။

ယခင် အရပ်သားအစိုးရ သက်တမ်းအတွင်း တရွေ့ရွေ့တက်ခဲ့သည့် နိုင်ငံ့စီးပွားရေးနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၈% အောက် ကျဆင်းနိုင်သည်ဟု စီးပွားရေးပညာရှင်အချို့က ထောက်ပြထားသည်ကိုလည်း တွေ့ရသည်။

“လက်ရှိဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် နိုင်ငံ့စီးပွားရေးက သမိုင်းတလျှောက်မှာ အဆိုးဆုံးလို့တောင် ပြောလို့ရတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတော့ နိုင်ငံ့စီးပွားရေးဟာ တကယ့်ကို ဇောက်ထိုးဆင်း သွားတဲ့နှစ်ပေါ့။ လောလောဆယ် ခန့်မှန်းကြည့်သလောက် မတည်ငြိမ်မှုကြောင့် စီးပွားရေးတိုးတက်လာဖို့ မရှိသေးသလို အရင်လိုပြန်ရောက်ဖို့ အချိန်အများကြီး လိုအပ်နေသေးတယ်လို့ မြင်တယ်။ အရင်နှစ်တွေနဲ့စာရင် အခုနှစ်ကတော့ ဘာပဲပြောပြောတက်ရမှာပေါ့။ သို့သော် အရပ်သားအစိုးရလက်ထက် တိုးတက်လာမှုကိုတော့ သွားယှဉ်လို့မရသေးဘူး။ စောင့်ကြည့်ရမှာပေါ့” ဟု စီးပွားရေးလေ့လာသူတဉီးက သုံးသပ်သည်။

အလားတူ စစ်ခေါင်းဆောင်က အသေးစား အလတ်စား လုပ်ငန်းရှင်များအတွက် ပြည်တွင်းထုတ်ကုန် မြင့်တက် လာစေရေး ချေးငွေထုတ်ပေးရန် ညွှန်ကြားထားသော်လည်း ချေးငွေနှင့်ပတ်သက်၍ မြေပြင်တွင် လက်ရှိဆောင်ရွက်နေရသာ လုပ်ငန်းရှင်များအဖို့ အခက်အခဲများရှိနေကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတဉီးက ပြောသည်။

“လုပ်ငန်းရှင်တွေအတွက် ချေးငွေလို့သာဆိုတယ် သွားလျှောက်ရင် သူတို့လိုချင်တဲ့ အာမခံချက်တွေ၊ အချက်အလက်တွေက ကျွန်တော်တို့ SME လုပ်ငန်းရှင် တော်တော်များများက မစုံတဲ့သူများတယ်။ ကျနော်နားလည်သလောက်ဆိုရင် ဝိုင်းကြီးချုပ်သဘော ချေးပေးတာ။ အနည်းဆုံး လုပ်ငန်းရှင်သုံးဉီး စုခိုင်းတယ်။ တယောက်နဲ့တယောက် အာမခံခိုင်းတဲ့သဘော၊ တယောက်က အကြောင်းအမျိုးမျိုးကြောင့် ပြန်မဆပ်နိုင်ရင် ကျန်နှစ်ဉီးက တာဝန်ယူရမယ်ဆိုတဲ့ ပုံစံပေါ့။ ကိုယ့်လုပ်ငန်းအတွက် ချိန်ဆပြီးချေးတဲ့ငွေကိုတော့ ကိုယ်ပြန်ဆပ်နိုင်ပေမယ့် အခြားသူအတွက် တာဝန်ယူရမယ် ဆိုတာမျိုးကတော့ အဆင်မပြေဘူး။ ချေးငွေတော့ပေးတယ်၊ ဒါပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေ များတဲ့အခါကျတော့ လုပ်ငန်းရှင်တွေက မယူချင်ဘူး။ ကျနော်သိသလောက်က ရတဲ့သူမတွေ့ဘူး။ ချေးငွေရဖို့ တော်တော်ခက်ခဲတယ်” ဟု ချေးငွေလျှောက်ထားမှုနှင့် ပတ်သက်၍ ရှင်းပြသည်။

တဘက်တွင်လည်း အငယ်စား၊ အသေးစားနှင့် အလတ်စား MSME လုပ်ငန်းများအနေဖြင့် လျှပ်စစ်မီး မမှန်ခြင်း၊ ကုန်ကြမ်းပစ္စည်း တန်ဖိုးကြီးမြင့်တက်လာခြင်း၊ စက်သုံးဆီနှင့် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက် နေခြင်းတို့ကြောင့် လုပ်ငန်းများ ဆက်လက်လည်ပတ်ရန် အခက်ကြုံနေရသည်ဟုဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများအတွက် ပိုမိုကြပ်တည်းလာ နေပြီး တဘက်တွင်လည်း အလုပ်လက်မဲ့နှုန်းမြင့်တက်လာကာ အိမ်ထောင်စုတိုင်း၏ ဝင်ငွေနှင့် သုံးစွဲနိုင်အား ကျဆင်းလျက်ရှိသကဲ့သို့ စီးပွားရေးဘက်တွင်လည်း ဘဏ်လုပ်ငန်းအကြပ်အတည်းများကြောင့် လုပ်ငန်းလည် ပတ်ငွေများ ပုံမှန်မစီးဆင်းနိုင်ခြင်း၊ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်ခြင်း၊ ဈေးကွက်ဝယ်လိုအား ကျဆင်းခြင်းနှင့် ကုန်ကြမ်း‌ဈေးနှုန်းများအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာခြင်း စသည့်ပြဿနာများ ဖြစ်ပေါ် နေသည်။

မြစ်ဝကျွန်းပေါ်‌ဒေသတခုမှ ရန်ကုန်မြို့ပြသို့ လွန်ခဲ့တဲ့ (၈ ) နှစ်ကျော်က မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သည် မဇင်မာတယောက် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဆိုပါက လက်ရှိအလုပ်ကို စွန့်လွှတ်၍ ထိုင်းနိုင်ငံ သို့မဟုတ် မလေးရှားနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ရန် စိုင်းပြင်းထားသည်။

“အိမ်တိုင်းမှာရှိတဲ့ဆားက ငန်တယ်ဆိုတာ ကျမ သိပါတယ်” ဟု မဇင်မာက ဆိုသည်။