နောင်ချိုမြို့နယ်တွင် အမျိုးသား ၃ ဦး မိုင်းနင်းမိ၊ ၂ ဦး ဒဏ်ရာ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ဒေသခံ အမျိုးသား ၃ ဦး မိုင်းနင်းမိပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

နောင်ချိုမြို့နယ်၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာက ရွာသားများ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ဟိုခဲကျေးရွာခံ အမျိုးသမီးတစ်ဦးက “ဖြစ်စဥ်ကတော့ သူတို့ကြံခုတ်မယ်ဆိုတော့ ရှင်းလင်းရေးသွားလုပ်ပြီး လမ်းတွေ သွားကြည့်တာပေါ့နော်။ ကြံခုတ်တဲ့ချိန် အန္တရာယ်ဖြစ်မှာစိုးလို့ သန့်ရှင်းရေး သွားလုပ်ထားတာ။ သွား တာကတော့ ရှစ်ယောက်သွားတယ်။ ထိတာကတော့ သုံးယောက်ထိထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့၊ မွန်းလွှဲ ၁ နာရီခွဲ အချိန်ချိန်ခန့်တွင် နောင်ချိုမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စု ဟိုခဲ ကျေးရွာခံ ၈ ဦးက ကြံခင်းအတွင်း သန့်ရှင်းရေးလုပ်ရန် သွားကြချိန် မိုင်းနင်းမိပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ် ရာရခဲ့ခြင်း ဖြစ်သည်။

ကြံခင်းအတွင်း ရှင်းလင်းရေးလုပ်ရန်သွားစဉ် မိုင်းနင်းသွားသည့် အမျိုးသား ၃ ဦးဟာ ဦးစု၊ ဦးပစိန်နှင့် ဦးကြာ ထွန်း ဆိုသူတို့ ဖြစ်ကြသည်။

ဦးကြာထွန်းဟာ နားရွက်တွင် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သောကြောင့် ဆေးရုံမှ ဆင်းလိုက်ပြီးဖြစ်သော်လည်း ကျန်သည့် ဦးစုနှင့် ဦးပစိန်တို့မှာ လက်၊ ခြေထောက်၊ ရင်ဘက်၊ မျက်နှာတို့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ သောကြောင့် လက်ရှိတွင် နောင်ချိုဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

“အခုက ကျေးရွာကလူတွေ အကုန်ပြန်လာကြပြီ။ အလုပ်ကတော့ သွားမလုပ်ရဲသေးကြဘူး။ အခုသွားတဲ့ ၈ ယောက်ဟာလည်း ကြံခုတ်ရတော့မယ်ဆိုပြီး အရင်ဦးဆုံး သွားရှင်းလင်းရေး လုပ်ထားတာ။ အခုက ကျေးရွာခံ တွေ ဘယ်မှ မသွားရဲကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

အလားတူ မေလ ၁ ရက်နေ့တွင်လည်း လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမကြီးဘေးရှိ နမ့်တွန်းကျေးရွာအုပ်စု၊ ဖောင်လိတ်ကျေးရွာ (၁၆) မိုင်တွင် အမျိုးသမီးတစ်ဦး တောင်ယာရှင်းလင်းချိန် မိုင်းနင်းမိခဲ့ပါသေးသည်။

ဟိုခဲကျေးရွာက ဒေသခံရွာသားများ မိုင်းနင်းမိခဲ့သည့် နေရာသည် စစ်ကောင်စီတပ်နှင့် မန္တလေး PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် နေရာတစ်ခုဖြစ်သည်။ သို့သော် မည်သည့်အဖွဲ့က ထောင်ထားခဲ့သည့် မိုင်းဖြစ်သည်ကို မူ အတည်ပြု၍ မရဘူးဟု ဆိုသည်။

နောင်ချိုဒေသထဲ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီနှင့် မန္တလေး PDF တို့အကြား တိုက် ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ရွာသား ၄ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။