လားရှိုး-သိန္နီ လမ်းအနီး အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၊ ဒဏ်ရာ ပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမကြီးဘေးတွင် တောင်ယာရှင်းနေချိန် အမျိုးသမီး တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။
လားရှိုး – သိန္နီပြည်ထောင်စုလမ်းဘေးရှိ နမ့်တွန်းကျေးရွာအုပ်စု၊ ဖောင်လိတ်ကျေးရွာ (၁၆) မိုင်တွင် အမျိုးသမီး တစ်ဦး မိုင်းနင်းမိခြင်း ဖြစ်သည်။
နမ့်တွန်းကျေးရွာခံ အမျိုးသားတစ်ဦးက “ဖြစ်စဥ်သိရသလောက်က အမျိုးသမီးက သူများဆီ နေ့စား အလုပ်သွား ရင်းနဲ့ မတော်တစ်ဆ တောင်ယာရှင်းရင်းနဲ့ ထိမိသွားတယ်လို့ ကြားပါတယ်။ ထိတာကတော့ မျက်နှာမှာ ဒဏ်ရာ ရရှိထားတယ်” ဟု ပြောသည်။
မေလ ၁ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် အချိန်ခန့်တွင် အဆိုပါ အမျိုးသမီးက နေ့စားအလုပ် (တောင်ယာ ရှင်း) သွားလုပ်ရာမှ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
မိုင်းနင်းမိကာ ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံရှိ အရေးပေါ် ဌာနမှ တစ်ဆင့် ဆွဲစိတ်ကုသဆောင်သို့ လားရှိုးလူငယ်များ လူမှုကူညီရေး အဖွဲ့က ပို့ဆောင်ပေးထား ရသည်ဟု ဆိုသည်။
ယခုနင်းမိသည့် မိုင်းကို မည်သည့်အကြောင်းကြောင့် မည်သည့်အဖွဲ့အစည်းက မည်သည့်အချိန်တွင် ထောင်ထား ခဲ့သည်ကိုလည်း မသိရဘူးဟု ဒေသခံများက ပြောသည်။ လက်ရှိအချိန်တွင်လည်း တစ်စုံတစ်ရာ တိုက်ပွဲများ ဖြစ်ပွားမှု မရှိဘူးဟု ဆိုသည်။
သို့သော် ပြီးခဲ့တဲ့ ၂၀၁၈ – ၂၀၁၉ ခုနှစ်မှာ ဖောင်လိတ်ကျေးရွာ ၁၆ မိုင်ဒေသအနီးတွင် စစ်တပ်နှင့် ဒေသအတွင်းရှိ တိုင်းရင်း သား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။
လားရှိုး – သိန္နီဒေသထဲတွင် စစ်တပ်အပြင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင် အမျိုး လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ကိုးကန့်တပ်မတော် (MNDAA) စသည့် လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် နယ်မြေဒေသ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။