NUG လက်အောက်ခံ ဒီးမော့ဆို (1102) တပ်ရင်း လေကြောင်း တိုက်ခိုက်ခံရ၊ သေဆုံး ပျက်စီးမှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂) တပ်ရင်း လေ ကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိမှန်သေဆုံး ဒဏ်ရာရရှိများအပြင် အဆောက်အအုံထိမှန် ပျက်စီးမှု အချို့ ရှိ ခဲ့သည်။

ဒီးမော့ဆို (၁၁၀၂) တပ်ရင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု အဖွဲ့တာဝန်ရှိ သူများက ပြောသည်။

၁၁၀၂ တပ်ရင်းမှ ပြန်ကြားရေး တာဝန်ခံ အမျိုးသမီးတစ်ဦးက “အဲဒီအချိန်မှာ ကျမတို့က အိပ်နေတာပေါ့။ လေ ယာဉ်ပျံတဲ့အချိန် ကျမတို့က မကြားဘူး။ နောက်ကြဲချတဲ့ အချိန်မှာပဲ ကျမတို့ အကုန်လုံး လန့်နိုးလာတာပေါ့။ ကျမတို့ မိန်းကလေး ၂ ယောက်ကျတော့ မိန်းကလေး အဆောင်မှာ အိပ်တယ်။ ယောက်ကျားလေး ၂ ယောက် က ယောက်ကျားလေး အဆောင်မှာ အိပ်တာပေါ့နော်” ဟု‌ ပြောသည်။

အလယ်ပိုင်းတိုင်း စစ်ဒေသ ၃၊ ကရင်နီတပ်ရင်း၊ ၁၁၀၂ တပ်ရင်းတွင် တပ်စိတ်မှူးအဖြစ် တာဝန်ထမ်းဆောင် နေ သော အသက် ၂၃ နှစ်အရွယ် ရဲဘော် မျိုးမြင့်မြတ် (ကိုယ်ပိုင်အမှတ်- ၁၁၀၂၀၄၆) သည် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စခန်းထဲရှိ ရဲဘော် အမျိုးသမီး ၂ ဦးမှာလည်း ရှောင်တိမ်းရန်ပင် အလျှင်မမှီလိုက်သောကြောင့် လက် နက်ကြီး ရှပ်ထိဒဏ်ရာများ ရရှိခဲ့သည်ဟု အဆိုပါ ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

“လေယာဉ်ဗုံးကြဲချတာနဲ့ပဲ ကျမတို့မိန်းကလေး ၂ယောက်က လုံခြုံတဲ့နေရာကို ပြေးပုန်းဖို့ အရင် ထ ထွက်သွား လိုက်တယ်။ ယောက်ကျားလေး တစ်ယောက်ကလည်း ထွက်ပြေးတာပေါ့နော်။ သူကတော့ အဲ့ချိန်ကတည်းက ပွဲချင်းပြီး ဆုံးသွားတာ။”

ထိုရက်တွင် လေကြောင်းတိုက်ခိုက်မှု သာမက စစ်ကောင်စီ၏ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ- ၁၀၂) နှင့် ခြေမြန်တပ်ရင်း (ခမရ- ၄၂၇)တို့မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြိမ် ၃၀ ထက် မနည်း ပစ်ခတ်မှုကြောင့် ၁၁၀၂ တပ်ရင်း၏ စခန်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သေးသည်ဟု ဆိုသည်။

ယခုကဲသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်ကျဆုံးသည့် ဖြစ်စဉ်သည် ၁၁၀၂ တပ်ရင်းတွင် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့ကလည်း ရှေ့တန်းမှပြန်လာသည့် ရဲဘော်များ စခန်းတွင် အနားယူနေစဉ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ဖူးသည်ဟု တာဝန်ရှိသူများက ပြောသည်။

အလားတူ ဧပြီလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်တွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်နေသည့် စစ်ဘေးရှောင် ၃ ဦး မစိုးရိမ် ဒဏ်ရာများ ရရှိခဲ့ကြသည်။

အလားတူ အဆိုပါ ဝပ်ရှော့အတွင်း ရပ်ထားသည့် ကား ၃၈ စီး၊ လူနေအိမ် ၂ လုံးနှင့် ဈေးဆိုင်ခန်း ၂ ခု မီးလောင် ပြာကျ ပျက်စီးခဲ့သည်ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကရင်နီပြည်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက်တွင် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ် ခတ်မှုကြောင့် ဒီးမော့ဆိုမြိုနယ်အတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး၊ စစ်ဘေးရှောင် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် အရပ်သားတစ်ဦးလည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရသည်။

အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများအပြင် ခရစ်ယာန်ဘုရားကျောင်းဝင်း တစ်ခုနှင့် လူနေအိမ် ၅ လုံး အပြင် စစ်ဘေးရှောင်တဲ အမြောက်အမြား မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များစွာ သေဆုံးခဲ့ သည်ဟု စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂) တပ်ရင်းသည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ရင်းတစ်ခု ဖြစ်သည်။