ညစောင့်တစ်ဦးကို ပျူစောထီး ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်။
မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ အမှတ် (၁) ဆိပ်ခံ ဘောတံတားတွင် ညစောင့်ဝန်ထမ်းတစ်ဦးကို ပျူစောထီး အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု နောက်လယ်ရပ်ကွက် နေထိုင်သူများက ပြောသည်။
ပစ်သတ်ခံရသူမှာ မြိတ်မြို့ကလွင်နယ်မြေ တောင်းပြိုကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ဦးဝတုတ် ဆိုသူဖြစ်ပြီး ဗောတံတားလုံခြုံရေး ညစောင့်ဝန်ထမ်းတစ်ဦး ဖြစ်သည်။
ဆိပ်ကမ်းကုန်တင်ကုန်ချ လုပ်သားတစ်ဦးက “သေနတ်သံ နှစ်ချက်ပစ်လိုက်တဲ့အသံ ကြားရပေမယ့် ညနက်ပိုင်း အချိန် ဖြစ်နေတော့ ဘယ်သူအပစ်ခံရမှန်းမသိကြဘူး၊ မနက်မိုးလင်းမှ ဦးဝတုတ်ဆိုတာ သိကြရတာပါ” ဟု ပြော သည်။
အမှတ် (၁) ဆိပ်ကမ်းဗောတံတား ရုံခန်းအရှေ့ဘေးတွဲ ဆိုင်ကယ်ပေါ် အိပ်ပျော်နေသည့် ဦးဝတုတ်ကို ညကင်း လှည့်နေသည့် တလိုင်းစုရပ်ကွက်မှ ပျူစောထီးခေါင်းဆောင် ဦးထွန်းထွန်းစိုးနှင့်အဖွဲ့က သေနတ်ဖြင့် နှစ်ချက် ပစ်သတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ဗောတံတားတွင် ညအိပ်ဆိုက်ကပ်ထားသည့် စက်လှေများမှ လှေလုပ်သား
များက ပြောသည်။
သေဆုံးသွားသူ ဦးဝတုတ်သည် စျေးသည်များ လှေလုပ်သားများနှင့် ဆက်ဆံရေး ကောင်းမွန်သူတစ်ဦးဖြစ်ပြီး နိုင်ငံရေးကိစ္စများနှင့် အသောက်အစား ကင်းရှင်းကာ အနေအေးဆေးသူလည်း ဖြစ်သည်ဟု ဆိပ်ကမ်းကုန်တင် ကုန်ချ လုပ်သားတစ်ဦးက ဆိုသည်။
ဦးဝတုတ်ပစ်သတ်ခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ အဆိုပါနေရာသို့ ရောက်ရှိလာပြီးနောက် အရေးပေါ်လူနာတင်ကားဖြင့် အလောင်းကို သယ်ဆောင်သွားပြီး ဘေးတွဲဆိုင်ကယ်ကို လည်း သိမ်းဆည်းသွားသည်ကို မြင်တွေ့လိုက်ရကြောင်း တံတားအနီးရှိ စက်လှေလုပ်သားများက ဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ ည ၁၂ နာရီခွဲခန့်တွင် သေသုံးသူ၏ အလောင်းကို အရေး ပေါ်လူနာတင်ကာဖြင့် လာသယ်သွားသည်ကို ခပ်ဝေးဝေးမှ သာလှမ်းမြင်ရသောကြောင့် မည်သူမည်ဝါကို သယ် သွားသည်ကိုမူ မသိလိုက်ဘူးဟု အဆိုပါ မြင်တွေ့လိုက်သူက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးသူ၏ မိသားစုဝင်များထံသို့ မြိတ်မြို့ အေးရိပ်ချောင်လမ်းရှိ ၅/၁၀၀ စစ်ဆေးရုံရှိ ရင်ခွဲရုံတွင် အလောင်းနှင့် ဘေးတွဲဆိုင်ကယ်အား ငွေကျပ်နှစ်သိန်းခွဲဖြင့် လာရောက်ထုတ်ယူရန် အောက်တို
ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် လာရောက်အကြောင်းကြားခဲ့သဖြင့် မိသားစုမှ သွားရောက်ခဲ့ရသည်ဟု ဆွေ
မျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
ပစ်ခတ်မှုတွင် ဦးဆောင်ခဲ့သူ ပျူစောထီးခေါင်းဆောင် ဦးထွန်းထွန်းစိုးကို အောက်တိုဘာလ ၆ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်က တလိုင်းစုရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးဝတုတ်တွင် ဇနီးနှင့် သားသမီးသုံးဦး ကျန်ရစ်ခဲ့သည်။
ပုံစာ – နောက်လယ်ရပ် အမှတ် (၁) ဗောတံတား