နိုင်ကျဉ်းတစ်ဦး ထားဝယ်ထောင်တွင် အမောဖောက်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ထားဝယ်အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး အမောဖောက်ပြီး သေဆုံးသွားခဲ့သည်ဟု အကျဥ်း ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

ယခုသေဆုံးမှုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အကျဥ်းထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပထမဆုံးအကြိမ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသူမှာ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောရွာသား အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်း ဆိုသူဖြစ်ပြီး နိုင်ငံရေးပုဒ်မများဖြင့် အမိန့်ချမှတ် ခံထားရသူတစ်ဦး ဖြစ်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က အမောဖောက်လာခြင်းကြောင့် ထောင်တွင်းဆေး ခန်း၌ ကုသနေရာမှ သက်သာမှု မရှိသဖြင့် ပြင်ပဆေးရုံသို့ ပို့ဆောင်နေချိန် လမ်းတွင် သေဆုံးသွားခြင်း ဖြစ်သည် ဟု အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးကျော်သိန်းကို ယခုနှစ် မတ်လ တတိယပတ်က ဟင်းချိုတောကျေးရွာထဲသို့ စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီတပ်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁၊ ၅၂၊ ၅၀-ည တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရစဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သတိလစ်မေ့မျောသည်အထိ အပြင်းအထန် ရိုက်နှက် နှိပ်စက်ခဲ့ သေးကြောင်း ဆွေမျိုးတော်စပ်သူများက ပြောသည်။

အသက် ၄၀ နှစ်ခန့်အရွယ် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက “သူ့မှာ အဖမ်းမခံရခင်တုန်းက တခြား ဘာ ရောဂါမှ မရှိခဲ့ဖူးပါဘူး ကျန်းကျန်းမာမာပါ။ ဖမ်းဆီးခံရချိန်မှာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ကျန်းမာရေး မကောင်း ဖြစ်သွားတာပါ။ မဆုံးခင် ရှေ့တစ်ရက် ထောင်ဝင်စာ တွေ့ရချိန်မှာ ရယ်ရယ်မောမောပါပဲ။ အတွင်း ဒဏ်ရာတွေကြောင့် ရုတ်တရက် ထ ဖေါက်တာ ဖြစ်မယ်” ဟု ပြောသည်။

လက်ရှိတွင် ဦးကျော်သိန်း၏ ရုပ်အလောင်းကို ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံတွင် ထားရှိပြီး အောက်တိုဘာလ ၂၈
ရက်နေ့တွင် သင်္ဂြိုဟ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

ထားဝယ်အကျဥ်းထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူစုစုပေါင်း ၁၀၀၀ ခန့်ရှိကာ နိုင်ငံရေးအကျဥ်းသား ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ထားဝယ်အကျဥ်းထောင် ဆေးခန်းတွင် ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံလောက်သည့် ဆေးဝါးနှင့် ဆေးကုသမှုများ မပေးနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ဆိုသည်။