ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံးက နွေဦးတော်လှန်ရေးတွင် တတပ်တအားပါဝင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။

နွေဦးတော်လှန်ရေးအတွက် ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံးက စည်းရုံးရေး လုပ်ငန်းများတွင် အဓိက ပါဝင် ကူညီသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည် အခြေစိုက် ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) အနေဖြင့် နွေဦးတော်လှန်ရေး အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီသွားမည်ဟု ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများ က ပြောသည်။

KPPA ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ ရှိုင်းရယ်က “ကျနော်တို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ကြတာတော့ အထူး သဖြင့် လူထုစည်းရုံးရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းဆိုတော့ ဒါအကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ပိုပြီးတော့ အသားပေး သွားဖို့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် အဖွဲ့သား တချို့ကတော့ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့သူ တစိတ်တပိုင်းတော့ ရှိ တယ်ပေါ့နော်။ KPPA ရဲ့ မူအနေနဲ့ကတော့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လူထုစည်းရုံးရေးကိုပဲ အဓိက ဦး တည်ပြီး သွားဖို့တော့ ရည်ရွယ်ထားတယ်” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံကျေးရွာ၌ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် ကရင်နီပြည် နိုင် ကျဉ်းဟောင်းနှင့် အခြားဒေသမှ အွန်လိုင်းဖြင့် တက်ရောက်သူ နိုင်ကျဉ်းဟောင်း စုစုပေါင်း အယောက် ၃၀ မှ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လတ်တလောတွင် KPPA အနေဖြင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ပူးပေါင်း၍ လစ် လပ်နေသော အုပ်ချုပ်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPN) တို့နှင့် ချိတ်ဆက်ပြီး ထောင်ဝင်စာ ပေးပို့ခြင်း၊ ထောင်ကလွတ်လာသည့် အကျဉ်းသား များအား ဘဝရပ်တည်ရေးအတွက် အကူအညီပေးခြင်း၊ စစ်ဘေးရှောင်နေရသော နိုင်ကျဉ်းဟောင်းများအား အကူအညီပေးခြင်း၊ ကျန်ရစ်သည့် နိုင်ကျဉ်း မိသားစုဝင်များအား ကူညီထောက်ပံ့ခြင်း စသည့် လုပ်ငန်းများ လည်း ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

“လွိုင်ကော်မှာ ၁၁.၁၁ စတင်ပြီးတော့ အခုဆိုရင် တစ်လကျော်သွားပြီ။ ဒီတစ်လအတွင်းမှ လွိုင်ကော်က ပိတ် သလို ရှိနေတယ်ပေါ့။ ဆိုတော့ ပြီးခဲ့တဲ့နှစ်က အတွေ့အကြုံအရ ဆိုရင်တော့ အထဲမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး တွေ ပြတ်လာမယ့် သဘော ရှိတယ်။ အဲ့ဒီအတွက် စိုးရိမ်တာပါ။ တကယ်လို့ ပြတ်လပ်လာရင် ထောင်ထဲမှာ မငြိမ်သက်မှုတွေ၊ ဆူပူမှုတွေ ဖြစ်လာမယ်ဆိုရင် အကြမ်းဖက် ဖြိုခွင်းနိုင်တယ်ပေါ့နော်။ အသက်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာကို ကျနော်တို့ စိုးရိမ်တယ်။ ဒါပြောမယ်ဆိုရင် စစ်ကောင်စီဘက်ကလည်း ကိုင် တွယ်တတ်ဖို့ လိုတာပေါ့နော်။ အဲဒီအတွက် သတင်းစကားပါးချင်တယ်” ဟု ဥက္ကဋ္ဌ ရှိုင်းရယ်က ဆက်ပြောသည်။

KPPA အား ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆို ကျေးရွာတွင် ပထမအကြိမ်မြောက် နိုင်ကျဉ်း ဟောင်းများဆိုင်ရာ ညီလာ ခံကို နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ KPPA အဖွဲ့တွင် အသင်းသားပေါင်း အယောက် ၁၄၀ ဦး ရှိသည်ဟု အဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

လတ်တလောတွင် KPPA အား လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ကျဉ်းများဖြင့်သာ ဖွဲ့စည်း ထားသေးသော်လည်း လာမည့် ကာလများတွင် ရှမ်းပြည်နယ် အစပ်၊ ဖယ်ခုံမြို့နယ်မှ နိုင်ကျဉ်းများကိုလည်း လက်ခံကြိုဆိုသွားမည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။