အင်းလေးတွင် ပျူစောထီး ၂ ဦး ရှင်းလင်းခံရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းအနောက် ကျေးရွာတွင်၊ ပျူစောထီး ၂ ဦး ပစ်ခတ် ရှင်းလင်းခံလိုက်ရသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

ပျူစောထီး ၂ ဦးလုံးမှာ သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခံရပြီးနောက် အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ ခြင်း ဖြစ်သည်။ ၎င်းတို့၏ အလောင်းကို စစ်ကောင်စီတပ်က အင်အား ၃၀ လောက်ဖြင့် လာရောက်သယ်ဆောင် သွားသည်ဟု ဆိုသည်။

ကျေးရွာနေ အမျိုးသမီး တစ်ဦးက “သူတို့ အမြင်ကတ်တဲ့ လူတွေဆိုရင် စစ်ကောင်စီကို သူတို့ သတင်း ပေးတယ်။ ဖမ်းမယ့်ပြည်သူတွေကို သူတို့က ရှေ့ကနေ ဦးဆောင်ပြီးတော့ သွားတယ်ပေါ့နော်။ နောက်ပြီး မူးယစ်ဆေးသမားတွေကိုလည်း သူတို့ ဆက်ကြေးကောက်တာတွေ ရှိတယ်။ မပေးဘူးဆိုရင် ဖမ်းတယ်၊ ပေးရင် ပြန်လွှတ်ပေးတယ်ပေါ့နော်။ လောင်းကစားဝိုင်းတွေလည်း သူတို့ပါတယ်။ နောက်တခုက ရွာထဲမှာပေါ့နော် အာဏာပါဝါ တအားပြကြတယ်” ဟု ပြောသည်။

မင်းချောင်းကျေးရွာအဝင် လမ်းမကြီးပေါ်၌ ဆက်ကြေးကောက်နေစဉ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင် အချိန်ခန့်တွင် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၅၅ နှစ်ဝန်းကျင်အရွယ် ပျူစောထီးခေါင်းဆောင် ဦးအောင်စိုးလွင်နှင့် နောက်လိုက် တပည့် ဦးကျော်ဟိန်းတို့ ဖြစ်ပြီး စစ်ကောင်စီ ပေးအပ်ထားသည့် လက်နက်အပြည့်အစုံဖြင့် ခြိမ်းခြောက် ရမ်း ကားနေသူ ဖြစ်သည်ဟု ဆိုကြသည်။

၎င်းတို့ ၂ ဦးမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီခန့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၏ တပည့် ဖြစ်သူ အင်းလေးပျူစောထီး ဥက္ကဋ္ဌ ဦးညီညီထွန်း (ခေါ် ) ဖိုးသာထူးနှင့် ဦးဇော် လတ်တို့၏ စစ်သင်တန်းပေးမှုတို့ကြောင့် ပျူစောထီးများ ဖြစ်လာကြသည်ဟု နီးစပ်သူ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ဖိုးသာထူးတို့၊ ဇော်လတ်တို့ရဲ့ စည်းရုံး သိမ်းသွင်းမှုနဲ့ သူတို့ နှစ်ယောက်က ပျူစောထီးဆိုတာမျိုး ဖြစ်လာ တယ်။ ဒီနောက်ပိုင်း ရွာထဲမှာ လောင်းကစားဝိုင်းတွေရော ဦးစီးလုပ်တာတွေရောက အောင်စိုးလွင်ပဲ ဦးစီးလုပ် တာ။ ဆက်ကြေးလည်း သူတို့ပဲ ကောက်တာပေါ့နော်။ နောက်ပြီးတော့မှ တခြားပြည်သူတွေ၊ အပြစ်မဲ့ လူထု တွေ ထိခိုက်အောင် သူတို့ပဲဦးဆောင် လုပ်နေတာပေါ့။”

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ကလည်း အင်းလေးဒေသ ဟဲယာရွာမမှ ပျူစောထီး စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုသူ ဦးရဲမြင့်နှင့် သမက်ဖြစ်သူ ကိုကျော်စွာတို့ ၂ ဦးလည်း သန်းထောင်ဈေးတွင် ပစ်ခတ်ရှင်းလင်း ခံခဲ့ရဖူးသည်။

ပုံစာ – ပျူစောထီးခေါင်းဆောင် ဦးအောင်စိုးလွင်၏ ပုံ