လုံခြုံရေးတပ်ဖွဲ့ဝင် မလောက်သဖြင့် လူငှားဖြင့် ကင်းလှည့်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။

လပွတ္တာမြို့တွင် စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် အင်အား နည်းပါးနေသဖြင့် လူငှားပြီး ညကြေးပေးကာ ကင်းလှည့်နေရသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ကုန်းလမ်းရှိမြို့ အဝင်အထွက် ဂိတ်များနှင့် ရေလမ်းကြောင်းတွင် သွားလာနေ သည့် ကုန်တင်စက်လှေများ လူစီးစက်လှေများနှင့် လှေများကို နေ့ရောညပါ စစ်ဆေးနေကြရသဖြင့် လူအင်အား မလုံလောက်၍ လူငှားများခေါ်ကာ လုပ်ဆောင်နေကြသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြော သည်။

ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ရပ်ကွက်ထဲက အပေအတေတွေပေါ့ အုပ်ကြီးတွေနဲ့ဆက်ပြီး တချို့ ၅၀၀၀ တချို့ ၇၀၀၀ ပေးပြီးငှားတာ ညကင်းလှည့်ဖို့လို့ပြောတယ်။ တစ်ဖွဲ့ကို နှစ်ယောက်သုံးယောက် ညှပ်ပြီးသုံးတာ အင်အားများအောင်” ဟု ပြောသည်။

ဖျာပုံမြို့နယ်အတွင်း PDF တပ်ဖွဲ့ဝင်များရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မြို့အဝင် အထွက် ဂိတ်များတွင် အင်အားတိုးချထားပြီး ကားနှင့်ဆိုင်ကယ်များကို အစစ်အဆေး ကြမ်းနေသည်ဟု သုံးမိုင် မြို့သစ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက “မြို့ထဲနေရာ အတော်များများမှာလည်း နှစ်ယောက်တစ်ဖွဲ့ သုံးယောက် တစ်ဖွဲ့ အရပ်ဝတ်တွေနဲ့ တွေ့နေရတယ်။ ဆိုင်ကယ်တွေနဲ့ နှစ်ယောက်တစ်တွဲ စီးပြီး မြို့ထဲတင် မဟုတ်ဘူး။ ရွာ ဘက်တွေ အထိပါ ပတ်နေတာရှိတယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ရွေးမြစ်အတွင်း စစ်ရေယာဉ်များဖြင့် စစ်သားနှင့်ရဲများက နေ့ည ကင်းလှည့် နေသလို စက်လှေများဖြင့်လည်း လှည့်လည်ကာ တားဆီးစစ်ဆေးမှုများ လုပ်နေသည်ဟု ကုန်တင်စက်လှေ သမားတစ်ဦးက ပြောသည်။

“မသင်္ကာလို့ဆိုပြီး စက်လှေကိုရပ်ခိုင်းတယ် ပါလာတဲ့ပစ္စည်းတွေကို လှန်လှော ကြည့်တယ်။ ဘယ်ကိုသွားမှာ လဲ ဘယ်ကလာတာလဲပေါ့၊ လူက သုံးယောက်ထဲပါတာ ဆိုတော့ ဘာမှပြောမသွားဘူး” ဟု ပြောသည်။

အချို့စက်လှေများတွင် မှတ်ပုံတင်တောင်းယူ စစ်ဆေးမှုများလည်း ရှိနေသည်ဟု ဆိုကြသည်။

လိုင်း‌ပြေးဆွဲသည့်စက်လှေ သမားတစ်ဦးကလည်း “စက်လှေပေါ် ပါတဲ့သူတွေကို မှတ်ပုံတင်တောင်းပြီး တိုက် စစ်တယ်။ စစ်သားရော ရဲရော အရပ်ဝတ်နဲ့ရော ပြောက်ကျားဝတ်တွေရော အစုံပါတယ်” ဟု ပြောသည်။

ကုန်းလမ်းနှင့် ရေလမ်းကို နေ့ညမပြတ် ကင်းလှည့် စစ်ဆေးနေရသဖြင့် စစ်သားနှင့် ရဲများသာမက ပြည်သူ့စစ် (ခေါ်) ပျူစောထီးများပါ နားချိန်မရှိသောကြောင့် ညကင်းလှည့်ရန် အရပ်သားများကို‌ ငွေပေးငှားရမ်းကာ အင် အားပြသုံးရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“မြို့မှာ ရဲရော စစ်သားရော အင်အား တော်‌တော်နည်းသွားပြီ။ တချို့ ကင်းစောင့်နေတဲ့ စစ်သားတွေဆို အိုကြီး အိုမတွေဗျ။ ရခိုင်တို့ ရှမ်းအရှေ့တို့ကို ပို့လိုက်တာလို့ကြားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ညအချိန် လှည့်ကင်းပတ်ကင်းများနှင့် ကင်းပုန်းဝတ်ခြင်းများကို စစ်သားနှင့် ရဲများကို အင်အားလျော့ကာ ပျူစော ထီးများ၊ အရံမီးသတ်များ၊ ငွေပေးငှားထားသူများကို အသုံးပြုနေသည်ဟု မြို့ခံအချို့က ပြောသည်။