လွိုင်ကော် အကျဉ်းသားများအား လူသားဒိုင်းအဖြစ်သုံးမည်ကို အကျဉ်းသားဟောင်းများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
လွိုင်ကော်အကျဉ်းထောင်တွင်း အခြေအနေ ပိုမိုတင်းကြပ်လာပြီး ရိက္ခာပြတ်မှာကို စိုးရိမ်နေရသည့်အပြင် အကျဉ်းသားများကို လူသားဒိုင်းအဖြစ် အသုံးပြုခံရမည်ကိုပါ စိုးရိမ်ရသည့် အခြေအနေဖြစ်လာနေသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ က ပြောသည်။
ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော် အကျဉ်းထောင်ထဲက အကျဉ်းသားများကို လူသားဒိုင်းကဲ့သို့ ပြုလုပ် သွားမည်ကို စိုးရိမ်နေရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။
ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ခံက “(ထောင်ထဲမှာက) ပိုပြီး တော့ ခက်ခဲသွားနိုင်တာပေါ့နော်။ စစ်ပွဲ ဖြစ်ပြီဆိုရင် ထောင်သားတွေ အားလုံး သူတို့ အခန်း အသီးသီးမှာ ပိတ် လှောင်ထားတယ်။ ရေအရမ်း ရှားပါးတယ်။ စားနပ်ရိက္ခာတွေ အရမ်း ရှားပါးသွားတယ်။ ကျန်းမာရေး ဝန် ဆောင်မှု အခုလောက်ဆိုရင် ရှိတော့မှာ မဟုတ်ဘူး။ အဲလို ခက်ခဲမှုတွေ ရှိတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်သည့် အချိန်မှစပြီး ထောင်ဝင်စာ ပိတ်ခံထားရသည့် အပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အကျဉ်းထောင်အနီး ကရင်နီတော်လှန်ရေး အင်အားစုများနှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အကျဉ်းသားများအတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။
ယခင်က လွိုင်ကော်အကျဉ်းထောင်ထဲ ၃ လစာ ရိက္ခာများ ကြိုတင်စုဆောင်းလေ့ ရှိသောလည်း ၁၁.၁၁ စစ်ဆင် ရေးအတွင်း လမ်းကြောင်းများ ပိတ်ဆို့ထားခြင်းကြောင့် ဆေးဝါးနှင့် ရိက္ခာများ ပြတ်လပ်လာနေသည်။
ထို့ကြောင့် KPPA အနေဖြင့် အကျဉ်းသားများ၏ အခြေအနေများကို အမြဲနားစွင့်နေရပြီး ကူညီနိုင်မည့် လမ်း ကြောင်းများကိုလည်း စဉ်ဆက်မပြတ် ရှာဖွေနေသည်ဟု KPPA ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“ပြည်သူတွေ အနေနဲ့ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားနေတဲ့ အခု ကျနော်တို့ အဖွဲ့ပေါ့နော်။ အရင်တုန်း တစ်လျှောက်လုံး ထောင်ထဲမှာ ရှိတဲ့ကာလမှာလည်း ကျနော်တို့ ဒီနိုင်ကျဉ်းတွေ၊ တခြားအကျဉ်းသားတွေရဲ့ စားရေး သောက်ရေးနဲ့ ကျန်းမာရေး ကဏ္ဍကို ဝိုင်းဝန်းထောက်ပံ့ ကူညီကြတာတွေ ရှိတယ်ပေါ့။ အပြင်ရောက်တဲ့ အချိန်မှာလည်း ဝိုင်းဝန်း ကူညီနေကြတုန်းပဲ။ ဆိုတော့ မိဘပြည်သူတွေ အနေနဲ့ လည်း ကျနော်တို့ အဖွဲနဲ့အတူ ပူးပေါင်းဆောင်ရွက်စေချင်တယ်ပေါ့။”
လက်ရှိ လွိုင်ကော် အကျဉ်းထောင်ထဲတွင် အကျဉ်းသား အယောက် ၅၀၀ ခန့်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားက အယောက် ၁၄၀ ခန့်ရှိသည်။
ထို့ကြောင့် နိုင်ကျဉ်းများအပေါ် ဒီဇင်ဘာလအတွင်း ထောင်တွင်း အခြေအနေ တင်းကြပ်စေရန် ရည်ရွယ်၍ စစ်ကောင်စီတပ်ဘက်က ရာထူးကြီးပိုင်း အချို့ကို လွိုင်ကော်ထောင်ထဲ အရာရှိအဖြစ် ပြောင်းရွှေ့ ပေးလိုက်ခြင်း ကြောင့် ယခင်ကထက် ပိုပြီး စိုးရိမ်နေရသည်ဟု ဆိုကြသည်။
KPPA ကို နိုဝင်ဘာလ ၂၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆိုကျေးရွာတွင် ပထမအကြိမ်မြောက် နိုင်ကျဉ်း ဟောင်းများဆိုင်ရာ ညီလာခံ ကျင်းပသည့် အချိန်တွင် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ KPPA အဖွဲ့တွင် အဖွဲ့ဝင် အသင်းသားပေါင်း အယောက် ၁၄၀ ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။