မြိတ်မြို့အဝင် တိုးဂိတ် မီးရှို့ဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

မြိတ် – တနင်္သာရီသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မဇောကျေးရွာအုပ်စု သကန်ကျေးရွာက တိုးဂိတ် မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။

တိုးဂိတ်နှင့် ဝန်ထမ်းများနေသည့် တန်းလျားကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ည ၁၂နာရီခန့်က ဝင်ရောက်မီးရှို့ခဲ့ခြင်း ဖြစ် သည်။

တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိက “စစ်ကောင်စီ တပ်ဖွဲ့တွေ ရှိနေတယ်။ သတင်းရလို့ ဝင်ပစ် တာ။ တကယ်တော့ မတွေ့ခဲ့ရဘူး၊ တိုးဂိတ်တွင် တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်း ၅ ယောက်ကို စစ်ဆေး မေး မြန်းရာမှာတော့ တစ်ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်တဲ့ လေးဦးကိုပဲ စစ်မေးခဲ့ရတယ်” ဟု ပြောသည်။

စစ်မေးခဲ့သည့် သူများအားလုံးက တရားဝင် ဝန်ထမ်းဖြစ်ရေး လျှောက်လွှာတင်ထားဆဲ ဖြစ်ပြီး လက်ရှိမှာ တရား ဝင် ဝန်ထမ်း မဟုတ်သေးကြောင်း ပြောဆိုသည့်အတွက် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ရကြောင်း တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိက ဆိုသည်။

အဆိုပါ တိုးဂိတ်အား ကျွန်းစုမြို့နယ်(ပကဖ)၊ အရိပ်ပြပြောက်ကျား (ပုလော-ပကဖ)နှင့် တောဗုံးကြီး ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

တိုးဂိတ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် ရွာသားများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှာကို စိတ်ပူစိုးရိမ်နေရ သည်ဟု သကန်ရွာသားတစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် တိုးဂိတ်မှာ နောက်တစ်ရက် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ပင် ပုံမှန်အတိုင်း ယာဥ်ဖြတ်သန်းခများ ပြန်လည်ကောက်ခံလျက်ရှိနေသည်ဟု ခရီးသွားလာသူများက ဆိုကြသည်။

အဆိုပါ မီးရှို့ခံလိုက်ရသည့် တိုးဂိတ်မှာ စစ်အာဏာ မသိမ်းခင်ကတည်းက ရှိနေခြင်းဖြစ်သော်လည်း ငွေကြေး ကောက်ခံခြင်းလုံးဝမရှိခဲ့ပေ။ သို့သော် လွန်ခဲ့သည့် တစ်လခန့်ကမှ ဝန်ထမ်းများနှင့် အတည်တကျ ကောက်ခံ နေခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုကြသည်။