ကျောက်စိမ်းတွင်းဒေသ စစ်ကောင်စီ စခန်း ၂ ခု KIA နှင့် ပူးပေါင်းတပ်များသိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်။
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်း အဖွဲ့များက သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ် စခန်းတစ်ခုအား ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့ နံနက် ၈ နာရီအချိန်ခန့်မှ စတင်ကာ စစ်ကောင်စီတပ်က လေယာဉ် ဖြင့် ဗုံးကြဲနေသည့်အပြင် လေယာဉ်ပေါ်မှလည်း စစ်သေနတ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
ဒေသခံတစ်ဦးက “ဝှေခါမှာ ဗျူဟာကုန်း ပစ်တာ ငါတို့ကုန်းပေါ်ကနေတောင်မှ လေယာဉ်တွေ တိုက်လေယာဉ် တွေ ၃ခေါက် လောက်၊ ပထမတစ်ခေါက်က ဗုံးကြီးဘဲ တည့်တည့်လာကြဲတာ။ နောက် ဒုတိယတစ်ခေါက်က ကျ တော့ စက်လတ်တွေနဲ့ ပစ်လာပြီး လေယာဉ်ပျံကလည်း ဂျက်ဖိုက်တာမျိုး။ လေယာဉ်ပျံ အသံကြားတာ ၃ ကြိမ် အဲ ၃ ကြိမ်မှာ ၂ ကြိမ် က စက်လက်နက်နဲ့ ပစ်သံကြားရတယ်။ ၉ နာရီခွဲလောက်မှပဲ ရပ်သွားတယ်” ဟု ပြော သည်။
ထိုတိုက်ခိုက်မှုကြောင့် ဝှေခါရှိ ဒေသခံပြည်သူများ ပိတ်မိနေပြီး လူနေအိမ်အချို့လည်း ပျက်ဆီးသွားကြောင်း အနီးအနားရှိ ဒေသခံများက ပြောသည်။
ဝှေခါဒေသခံတစ်ဦးက “ဝှေခါလူတွေ တော်တော်ပိတ်မိနေတယ် ကြားတယ်။ ရွာမှာပုန်းနေကြတာ လေယာဉ်ပျံ ကနေ ပစ်တဲ့ဟာဆို တချို့ အိမ်တွေ ထိတယ်ပြောတယ်။ ပြည်သူအိမ်တွေ လူအထိခိုက်တော့ ခုတော့ မသိရသေး ဘူး။ အဆက်အသွယ်ကို မရသေးဘူး” ဟု ပြောသည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ပျံသုံးကာ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းမှာ ယခုအကြိမ်သည့် ပထဦးဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းနှင့် ဝှေခါဗျူးဟာကုန်း လက်လွတ်လိုက်ရသော ကြောင့် ယခုကဲ့သို့ ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ရွာသားများက သုံးသပ်ပြောဆိုနေကြသည်။
ဒေသခံတစ်ဦးက “၂၀၂၄ ပထမဦးဆုံးဘဲ စက်သေနတ်တွေနဲ့ ပစ်တာလည်း ဒီတစ်ကြိမ်ပဲ တွေ့ရသေးတယ်။ အခု နေ့လည်ကလည်း ဗုံးအကြီးကြီး တစ်လုံးလာကြဲတာ။ ဒီကနေတောင်ကြားရတယ်။ ဝှေခါရဲစခန်းတော့ ပါသွား ပြီး၊ စခန်းဆုံးသွားလို့ လာကြဲတာ ဖြစ်မှာပေါ့။ ဗျူဟာကုန်းလည်း ပါသွားတယ်ပြောတယ်။ အဲ့ဒါတွေ ပါသွား လို့ လေယာဉ်နဲ့ချတာ” ဟု ပြောသည်။
ဝှေခါကျေးရွာတွင် ယနေ့နံနက် ၄ နာရီအချိန်ခန့်ကစပြီး နှစ်ဖက်ကြားပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ် ဘက်က လက်နက်ကြီးသုံး ပစ်ခတ်မှုအပြင် နံနက် ၉ နာရီအချိန်ခန့်တွင် ဂျက်လေယာဉ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်။
ထိုသို့ လေကြောင်းကနေပါ ပစ်ခတ်လာပြီးနောက် ဝှေ့ခါကျေးရွာက ဒေသခံပြည်သူ ထောင်နှင့်ချီက ဘေးလွတ် ရာကို ထွက်ပြေးနေကြရသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။ စစ်ဘေးရှောင်များ၏ နောက် ဆက်တွဲအခြေအနေ အသေးစိတ်ကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။