ခမ်းပတ် ဘုရားကျောင်း ဗုံးကြဲ၊ ကလေးများအပါ လူ ၁၅ ဦး အနည်းဆုံးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

စစ်ကိုင်းတိုင်း တမူးခရိုင်ထဲက ခမ်းပတ်မြို့ ခရစ်ယာန်ဘုရားကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများအပါအဝင် အရပ် သားပြည်သူ ၁၅ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့သည်။

ခမ်းပတ်မြို့ကို စစ်ကောင်စီက ဇန္နဝါရီလ ၇ ရက်နေ့ (တနင်္ဂနွေနေ့) က လေယာဉ်နှင့် ဗုံးကြဲခဲ့ရာ ထိခိုက်ဒဏ်ရာရ ရှိသူ အယောက် ၃၀ ကျော်ရှိခဲ့သည်ဟု ဒေသခံများနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ပြော သည်။

စစ်ကောင်စီက ခမ်းပတ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ပစ်မှတ်ထားပြီး လေကြောင်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“အခြေအနေကတော့ လက်ရှိကတော့ ဘုရားကျောင်းထိသွားတယ်။ ဘုရားကျောင်းနားက ပတ်ဝန်းကျင်က အိမ် ၃-၄-၅-၁၀ အိမ်ထိသွားတယ်။ ပြည်သူ ၁၅ ယောက်သေတယ်ဗျ။ အားလုံးပေါင်းထိတာက အယောက် ၃၀ ကျော် ပေါ့။ အသေစာရင်းကတော့ ၁၅ ယောက် အဲ့လောက်ပဲ ခန့်မှန်းထားသေးတယ်ဗျ။”

ခမ်းပတ်မြို့၊ ကနန်းစံပြရွာ၊ အမှတ် ၅ ရပ်ကွက်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် စစ်တပ်က လေယာဉ်ကနေ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူက အယောက် ၃၀ ထက်မနည်းရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာတွေကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတဲ့သူများလည်း ရှိနေသည်။ ထို့အပြင် သေဆုံးသူများထဲ၌လည်း ကလေးငယ်များလည်း ပါဝင်သည်။

အလားတူ အဆိုပါ ဘုရားကျောင်းအနီးက စာသင်ကျောင်းလည်း စစ်တပ်၏ လေကြောင်းသုံးဗုံးကြဲမှုကြောင့် လုံးဝပျက်စီးသွားခဲ့သည်ဟု မြေပြင်က အမျိုးသမီး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ဇန္နဝါရီလ ၇ ရက်နေ့၊ ၂၀၂၄ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလေးလုံးကြဲသွားတယ်။ မြင်ရတဲ့ရှုခင်းက အဲ့တိုင်းပဲ ဒါစာသင်ကျောင်း၊ စာသင်ကျောင်းမှာ လက်နက်ကိုင်တွေ လုံးဝမရှိဘူး။ အပြစ်မဲ့တဲ့ ကလေးငယ်တွေ စာသင်နေတဲ့ စာသင်ကျောင်း၊ ဒီအနောက်ဘက်က ဘုရားကျောင်းမှာ ဒီနေ့ တနင်္ဂနွေလေ။ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆု တောင်းတဲ့နေ့လေ သေဆုံးတာကို အခုထိ ကျမတို့ အတည်မပြုနိုင်သေး ဘူး။ ဘယ်လောက်များတယ်ဆိုတာကို ထိခိုက်ဒဏ်ရာရတဲ့သူလည်း အများကြီးရှိတယ်။ ဒါစစ်ကောင်စီတပ်တွေ ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ။ အဲ့ဒီစစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ကျမတို့က အရင်ကထက် ပိုပြီး တော့ နာကျည်းတယ်။”

စစ်ကောင်စီ၏ လေကြောင်းသုံး တနင်္ဂနွေနေ့က ဗုံးကြဲမှုထဲ စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် အရပ်သား ပြည် သူပိုင် အိမ်များလည်း ပျက်စီးကုန်သည်။

လတ်တလောတွင် မြေပြင်၌ နှစ်ဖက်ကြားတိုက်ပွဲများ ဖြစ်ပွားနေခြင်းမျိုးလည်း မရှိသောကြောင့် ယခုလေယာဉ် သုံးကာ ဘုရားကျောင်းအား ဗုံးကြဲမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မြေပြင် သတင်းအရင်း အမြစ်များက အတည်ပြုပြောဆိုသည်။

ခမ်းပတ်မြို့သည် လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က သိမ်းပိုက်ထားသည့်မြို့ဖြစ်သည်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက ခမ်းပတ်မြို့ရှိ စစ်ကောင်စီစစ်စခန်းကို တော်လှန်ရေး ပူးပေါင်း အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။