ပအိုဝ်းပြည်သူ့စစ်က ပအိုဝ်းပြည်သူများအား ခြိမ်းခြောက် လူစု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။

ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ်က တပ်သားသစ်များ စုဆောင်းပြီး နယ်မြေကာကွယ်ကြရန် ထုတ်ပြန် လိုက်သည့် သတိပေးစာ၌ ပအိုဝ်းပြည်သူများအား ခြိမ်းခြောက်ထားသည့် အချက်များပါနေသည့်အပေါ် ဒေသခံ များက ဝေဖန်နေကြသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ပအိုဝ်းပြည်သူ့စစ် (PNA) က နယ်မြေကာကွယ်ကြရန် စာထုတ်ပြန်ထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပင်လောင်းမြို့နယ်ထဲက ပအိုဝ်း လူငယ် ၈၀,၀၀၀ ကို ရရာ လက်နက်နှင့် ကျရောက်လာမည့် အမျိုးသားရေး အန္တရာယ်များကို တိုက်ထုတ် ကာကွယ်သွားကြရန် PNA ၏ ဇန္နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲ၌ လှုံ့ဆော် ထားခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက “ရန်သူကာကွယ်တယ်ဆိုတာ ဘယ်သူက ရန်သူလဲဆိုတာ ကိုယ့်ကိုယ်ပြန်မေးဖို့ လိုပါတယ်။ ကိုယ့်လူမျိုး အချင်း ချင်းက ရန်သူလား။ အာဏာ ရှင်စနစ်ကို တိုက်ထုတ်နေတဲ့သူက ရန်သူလား။ ဒါမှမဟုတ်အဲဒီ အာဏာရှင်ကို စနစ်ကို လည်ပတ်စေတဲ့ ယန္တရား ထဲမှာ ပါဝင်နေတဲ့လူက ရန်သူလားဆိုတာ ရန်သူက ဘယ်သူလဲဆိုတာ ကွဲကွဲ ပြားပြားသိဖို့ လိုပါတယ်။ ကွဲကွဲ ပြားပြား စဉ်းစားပြီးတော့ လုပ်ဆောင်ကြပါ။ ကွဲကွဲပြားပြား သိမြင်ပြီးတော့ ရပ်တည်ကြပါလို့ ပြောချင်ပါ တယ်” ဟု ပြောသည်။

ပင်လောင်းမြို့တွင် လူဦးရေ တစ်သိန်းခန့်သာ ရှိသည်။

PNA ဘက်က ထုတ်ပြန်ထားသည့် စာက ပအိုဝ်း၊ မြန်မာ ၂ ဘာသာဖြစ်ပြီး ပအိုးဝ်ဘာသာဖြင့် ထုတ်ပြန်သည့် စာ၌ ခြိမ်းခြောက်ထားသည့် အချက်များလည်း ပါဝင်သည်ဟု ပအိုဝ်းလူမျိုးရေး ကျွမ်းကျင်သော ပင်လောင်း ဒေသခံ တစ်ဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“အဲဒီစာကို ကျနော်မြင်ပါတယ်။ ဒါက မြန်မာလို ရေးထားတာပါ။ သူတို့ရေးတဲ့ မူရင်း ပအိုဝ်းစာမှာက နောက် ဆုံးမှာ သူတို့ ရေးထားတာ ရှိပါတယ်။ တကယ်လို့ ထွက်ပြေးမယ် အဲဒီတာဝန်ကို မထမ်းဆောင်ဘူးဆိုရင် နေ အိမ်ကို မီးရှို့မယ်ဆိုပြီးတော့ သူတို့ရေးထားတာ ရှိပါတယ်။ ဒါမြန်မာပြန်တဲ့အခါမှာ အဲဒီပိုဒ်ကို ချန်ခဲ့တာ တွေ့ရ တယ်ပေါ့။ ဒါက ပြည်သူကို ကာကွယ်မယ်ဆိုပြီးတော့ ကာကွယ်ရေး လုပ်ငန်းတောင် မလုပ်ရသေးဘူး။ မီးရှို့ မယ်ဆိုတဲ့ သတိပေးစာက ပါလာတယ်။ ဒါက စစ်ကောင်စီကို အလုပ်လုပ်ပေးတာလား။ ကိုယ့်လူမျိုးအတွက်ကို လုပ်တာ တကယ်ဟုတ်ရဲ့လား။ ဦးနှောက်ရှိတဲ့လူတိုင်း သုံးသပ်စဉ်းစားကြဖို့ လိုပါတယ်” ဟု ပြောသည်။

ပင်လောင်းမြို့က လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသည့် ဆီဆိုင်မြို့နှင့်လည်း မိုင် ၆၀ ခန့်သာ ကွာဝေးခြင်းကြောင့် စစ်ကောင်စီနှင့် PNA တပ်များ အနေဖြင့် ကြိုတင် စစ်ရေးပြင်နေကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် ပင်လောင်းမြို့နယ်၊ ထီရီးကျေးရွာ၎င်းလည်း ဇန္နဝါရီလ ၂၆ ရက်နေ့ကစတင်၍ တိုက်ပွဲများ ပြင်းထန်နေ ပြီး ပင်လောင်းမြို့အနီး၊ ညောင်မြို့နယ်၊ နန်းပန်မြို့၌လည်း စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များက တပ်စွဲ ထားသည်ဟု ဒေသခံများက ပြောသည်။

ပုံ – Crd (ပုံစာ – ပင်လောင်းမြို့ရှိ စစ်ဆေးရေးဂိတ်)