တိုက်ပွဲတွင်း ပျောက်ဆုံးနေသော စစ်သား‌များ၏ မိသားစုဝင်များအား နေအိမ်လိုင်းခန်းများမှ နှင်ထုတ်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်မြို့ အခြေစိုက် အမှတ် ၂၇၁ ခြေလျင်တပ်ရင်း (ခလရ ၂၇၁ ) က ပျောက်ဆုံးနေသည့် စစ်သည်‌များ၏ မိသားစုဝင်များကို တပ်တွင်းရှိ နေအိမ်လိုင်းခန်းမှ နှင်ထုတ်လိုက်သည်ဟု ယင်းတပ်နှင့် နီးစပ်သူများက ပြောသည်။

ရှေ့တန်းစစ်မျက်နှာ အပို့ခံရသော ခလရ ၂၇၁ က ဒုတပ်ကြပ်တစ်ဦး အပါအဝင် စစ်သည် ၁၂ ဦးကို တောခိုသွား ပြီဟု ဆိုကာ ၎င်းတို့၏ မိသားဝင်များကို ဇန္နဝါရီလ ဒုတိယပတ် အတွင်းက နှင်ထုတ်လိုက်ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

“ရှေ့တန်း ထွက်သွားကတည်းက မိသားစုနဲ့ အဆက်အသွယ် မရဘူး။ တပ်ရင်းရုံး သွားမေးတော့ တောခိုသွား တယ် ပြောတယ်။ ပြီးတော့ တပ်ထဲကနှင်ထုတ် လိုက်တယ်” ဟု နှင်ထုတ်ခံရသော တပ်မိသားစု နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထိုစစ်သည် ၁၂ ဦးမှာ တိုက်ပွဲ၌ ကျသွားခြင်းဖြစ်နိုင်ပြီး နစ်နာကြေးနှင့် ပင်စင်ကို မပေးချင်သည့် အတွက် တောခို သွားသည်ဟု အကြောင်းပြကာ မိသားစုဝင်များကို တပ်တွင်း နေအိမ်လိုင်းခန်းကနေ နှင်ထုတ်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ပျောက်ဆုံးနေသော စစ်သည် ၁၂ ဦးထဲတွင် ခလရ ၂၇၁ ၏ ဒုတပ်ရင်းမှူးလည်း ပါဝင်သည်ဟု ဆိုကြသည်။

“ရှေ့တန်းမှာ တိုက်ပွဲကျ သွားကြတာကို အုပ်ထားပြီး တောခိုသွားတယ်လို့ လုပ်လိုက်တာပါ။ ရှေ့တန်း ထွက် သွားတဲ့ ဒုတပ်ရင်းမှူးနဲ့ နောက်တန်းက သူ့မိန်းမတောင် အဆက်အသွယ်မရတာ တောခိုသွား ဆိုတာ ဘယ်လို ဆက်သွယ်လို့ သိတာလဲ နောက်တန်းမှူး ပြောတာ မယုံဘူး” ဟု တပ်တွင်းနှင့် နီးစပ်သူက ပြောသည်။

ခလရ ၂၇၁ ၏ ဒုတပ်ရင်းမှူး၏ ဇနီးသည်ဖြစ်သူက သူမ အမျိုးသား တောခိုသွားသည်ဟု ပြောဆိုချက်အပေါ် မယုံကြည်ဘူးဟုဆိုသည်။

ရှေ့တန်းစစ်မျက်နှာ၌ ရောက်နေသော စစ်သည်များနှင့် နောက်တန်းရှိ မိသားစုဝင်များ ဆက်သွယ်မှု‌ မလုပ်ကြရန် တိုင်းစစ်ဌာနချုပ်က တားမြစ်ထားပြီး အမှန်တကယ် တောခိုသွားသည် ဆိုပါက ဆိုရှယ်မီဒီယာများတွင် ပါလာ မှာ သေချာသည်ဟု တပ်တွင်း သတင်းအရင်းအမြစ် အချို့က ပြောသည်။

တိုက်ပွဲများ ဆက်တိုက် ရှုံးပြီး စစ်စခန်းများ၊ မြို့များ လက်လွှတ်နေရသည့် စစ်ကောင်စီသည် စစ်သည်အင်အား ချိနဲ့လျော့ကျလာသည့် အတွက် တိုက်စွမ်းရည်မရှိသော လက်ရုံးတပ်များ ပျူစောထီးများ စစ်စည်းကမ်း ချိုး ဖေါက်၍ ထောင်ကျပြီး လွတ်ငြိမ်းခွင့်ရသူ စစ်သားဟောင်းများ အင်အားဖြည့်တင်း အသုံးပြုနေသည်။

ပုသိမ်မြို့က အရေးအခင်းများကို အကြမ်းဖက်ဖြိုခွင်းရန် နှင့် ဧရာတီတိုင်း ပင်လယ်ကမ်းခြေ စိုးမိုးရေးတွင် သုံး သည့် ခလရ ၂၇၁ ကို ရှေ့တန်း စစ်မျက်နှာပို့ခံခဲ့ရပြီးနောက် တိုက်ပွဲ၌ သေဆုံးသွားသည့်သူ နှင့် တပ်မှ ထွက် ပြေး သွားသူ များလာသည်ဟု အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်တွင်း သတင်းအရင်းအမြစ်များ၏ ပြောပြ ချက်အရ သိရသည်။

ခလရ ၂၇၁ တပ်ရင်းသည် ပုသိမ်မြို့ အဝင်၊ ဒိုက်ထူကျေးရွာအနီးက ပုသိမ် ပညာရေး ကောလိပ်နှင့် ကပ်လျှက် ပုသိမ်လေဆိပ် အရှေ့တည့်တည့်တွင် တည်ရှိသည်။

အခြားသော တပ်ပေါင်းစုံ အရည်အချင်း အားနည်းသည့် စစ်သား နှင့် အရာရှိတို့ကို အချိုးကျ ဆွဲထုတ် စုစည်း ပြီး ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသ စိုးမိုးရေးအတွက် အင်အား ၁၈၀ ကျော်ဖြင့် ၁၉၉၃ ခုနှစ် ဝန်းကျင် က စတင်ဖွဲ့စည်းခဲ့ကြသည်။