လယ်သမားများ ကိုဗစ်ချေးငွေဆပ်ရန် ဖိအားပေး ခြိမ်းခြောက်ခံနေရ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။
ရေကြည်မြို့နယ် အတွင်းမှ လယ်သမားများအား NLD အစိုးရလက်ထက်က ကိုဗစ်ချေးငွေများ ပြန်လည်ပေး ဆပ်ရန် မြို့နယ် စိုက်/ဘဏ် မန်နေဂျာမှ ဖိအားပေး ခြိမ်းခြောက်ခံနေရသည်ဟု ဒေသခံလယ်သမား အချို့က ပြောသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းမှ လယ်သမားများအား ၂၀၂၀ ခုနှစ်က ချေးယူထားသည့် ကိုဗစ်ချေးငွေ များကို ပြန်လည်ပေးဆပ်ရန် ဇန္နဝါရီလ ၁၅ ရက်နေ့စွဲဖြင့် မြို့နယ် စိုက်/ဘဏ်မှ နို့တစ်စာများ ပေးပို့ခဲ့သည်ဟု လယ်သမားတစ်ဦးက ပြောသည်။
“ရာအိမ်မှူးက လာပေးတာ။ ပြောသွားသေးတယ် ဆပ်ဖြစ်အောင်ဆပ်ကြ အရေးယူခံရလိမ့်မယ်။ အခုတစ်ခါက တော့ ညှာနေမှာ မဟုတ်ဘူး။ ဖမ်းဟယ် ဆီးဟယ် ခံရရင် နှစ်ခါနာလိမ့်မယ်တဲ့ ခြိမ်းခြောက်သွားသေးတယ်” ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။
ဆက်လက်ပြီး နို့တစ်စာတွင် ရေကြည်မြို့နယ် စိုက်/ဘဏ်မန်နေဂျာ ဦးမြင့်စိုးက လက်မှတ်ရေးထိုးကာ လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးထားပေးဆပ်ရမည်ဟု ဆိုသည်။
“ရွာက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကလည်း လယ်သမားတွေပါပဲ။ ဒီကာလကြီးမှာ ဘယ် လောက် ကျပ်တည်းကြတယ် ဆင်းရဲတွင်းနက်နေကြတယ်ဆိုတာ သူတို့လည်းသိကြသားနဲ့ အင်္ဂလိပ် ခေတ်က ချစ်တီးတွေ အကြွေးတောင်းသလို လာလုပ်နေတာ ပထွေးအားကိုးနဲ့” ဟု အသက် ၇၀ ကျော်ရွယ်ရှိသူ လယ်သမား တစ်ဦးက ပြောသည်။
ယခုနှစ်တွင် စပါးဈေးကောင်းသော်လည်း ကုန်သည်များ လက်ထဲ စပါးရောက်မှဈေးတက်ခြင်းဖြစ်ပြီး လယ် သမားများမှာ သွင်းအားစုများဈေးကြီးမြင့်သဖြင့် အများစုမှာ အရှုံးပေါ်ခဲ့ကြသည်ဟု အပင်နှစ်ဆယ်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။
ထို့အပြင် ကွင်းသုံးဆင့်ကျေးရွာမှ လယ်သမားတစ်ဦးက “ချမ်းသာတဲ့လယ်သမား ရှိလှရင် တစ်ရွာမှာ တစ် ယောက်နှစ်ယောက်ပေါ့။ ကျန်တဲ့သူတွေက ကြွေးမကင်း ကြပါဘူး။ ဒီနှစ်ချေးထားတဲ့ စိုက်ဘဏ်ကြွေးတောင် မဆပ်နိုင်ကြသေးဘူး။ ကိုဗစ်ကြွေးပါ ဆပ်ရမယ်ဆိုတော့ စဉ်းစားလို့တောင် မရဘူးဗျာ” ဟု ပြောသည်။
ယခု ပြန်ဆပ်ရန် ဖိအားပေးခံနေရသည့် ချေးငွေမှာ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက် ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် ကျဆင်းခဲ့သည့် စီးပွားရေး ပြန်လည် ဦးမော့နိုင်ရန်အတွက် လယ်သမားများကို ချေးပေးခဲ့သည့် အထူးချေးငွေဖြစ်သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကပြောသည်။
ချေးငွေကို ပြန်လည်ပေးဆပ်ရမည့်ကာလ သတ်မှတ်ထားခြင်း မရှိသော်လည်း စစ်ကောင်စီ လက်အောက်ခံ စိုက်/ဘဏ်ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်ကာ တောင်းခံနေခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းအတွင်းမှ လယ်သမားအချို့က ပြောသည်။