ဆီဆိုင်မြို့နယ်အတွင်း လမ်းပိုင်းအချို့ ပိတ်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အတွင်းရှိ လမ်းပိုင်းအချို့အား သွားလာခြင်း မပြုရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)က ထုတ်ပြန်သည်။
ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကာလ ဖြစ်သည်နှင့်အညီ စစ်ရေးအခြေအနေများ ရှုပ်ထွေးနေပြီး ပြည်သူများ အနေဖြင့် မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန် သွားလာခွင့် ပိတ်ခြင်းဖြစ်သည်ဟု PNLA စစ်ဘက်ဆိုင် ရာ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။
“အဓိက စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်တယ်။ လေယာဉ်နဲ့ ခြိမ်းခြောက်ပြီးတော့ ဗုံးကြဲတာ ပေါ့နော်။ မြေပြင်မှာ လူထုတွေ ထိခိုက်နစ်နာ ဆုံးရှုံးနေတာတွေ ရှိတယ်။ ပအခြအနေ တည်ငြိမ်ပြီး ပြန်လည် သွားလာလို့ရမယ့် အခြေအနေ ရောက်တဲ့ အခါမှာတော့ ကျနော်တို့ပြန်ပြီးတော့ အသိပေးထုတ်ပြန်သွားမှာ ဖြစ် ပါတယ်။”
လတ်လောတွင် ဆိုက်ခေါင် မှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် ပြည်ထောင်စု ကားလမ်းမကြီး၊ ဆိုက်ခေါင်အနီး တဝိုက်မှ ဆီဆိုင်မြို့သို့ ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် ဆက်သွယ်ထားသည့် ကျေးရွာ လမ်းငယ်များနှင့် ကက္ကူကျေးရွာမှ ဆီဆိုင်မြို့အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသ များအား ဆက်သွယ်ထားသော တောလမ်းများအား သွားလာခွင့် ပိတ်ထားသည်။
စစ်ဘေးရှောင်နေသူများနှင့် နေအိမ်သို့ ပစ္စည်းပြန်ယူကြသူများ အနေဖြင့် အခြားလမ်းမှ ရှောင်ကွင်းသွား လာ ကြရန်နှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင်ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်အား လိုက်နာ၍ သတိဝိရိယ ဖြင့် နေထိုင်ကြရန် PNLA က မေတ္တာရပ်ခံထားသည်။
ဆီဆိုင်မြို့မှ တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေသူ တစ်ဦးက “ထုတ်ပြန်ချက်ကိုတော့ လိုက်နာစေချင် တယ်။ အဲ့လမ်းတွေက လက်နက်ကြီး ခဏခဏကျတယ်။ အိမ်ပစ္စည်းပြန်ယူတယ်ဆိုလည်း အခြေအနေကြည့် ကြပေါ့။ တခြားလမ်းက ပတ်သွားလို့လည်း ရပါတယ်။ ပြီးတော့ အဲဒီလမ်းတွေက စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ဝင်ထွက်နေတော့ ပေါ်တာဆွဲခံရနိုင်တယ်” ဟု ပြောသည်။
PNLA မှ ထိန်းချုပ်ထားသော ဆီဆိုင်မြို့အား စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNA)တပ်များက စဉ်ဆက်မ ပြတ် ထိုးစစ်ဆင်နေပြီး လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ဆီဆိုင်ဒေသခံ ၂၀,၀၀၀ ကျော်ခန့် တိမ်းရှောင်နေရသည်။
ဒေသခံအများစုမှာ ညောင်ရွှေနှင့် တောင်ကြီးမြို့နယ်တွင် ခိုလှုံနေကြပြီး ငွေကြေးမပြေလည်သူ အချို့မှာ တောတောင် များထဲတွင် ပုန်းခိုနေကြသည်ဖြစ်ရာ အကူအညီများ လိုအပ်နေကြသည်ဟု စစ်ရှောင်များအား အကူအညီပေးနေ သူများက ပြောသည်။