စစ်ကောင်စီ လက်အောက်ခံ စစ်ကြောင်းက အရပ်သားများကို အပိုင်းပိုင်းဖြတ်၍ သတ်ဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်။ 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ် လက်အောက်ခံ ဘီလူး စစ်ကြောင်းက အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်သွားခဲ့သည်ဟု People’s Defense Comrade မှ ပြန်ကြား ရေး တာဝန်ခံက ပြောသည်။

နာမည်ဆိုးဖြင့် ကျော်ကြားနေသော စစ်ကောင်စီ လက်အောက်ခံ ဘီလူးစစ်ကြောင်းနှင့် သင်္ကန်းအရေခြုံ ၅၅၀ ဆရာတော်ဟု လူသိများသော ဝါသဝ ၏ ပျူစောထီး စစ်ကြောင်းတို့ ပူးပေါင်းပြီး တန့်ဆည်မြို့နယ် အနောက် ဘက်ခြမ်း ကျေးရွာများရှိ ပြည်သူများကို ခုတ်ထစ်သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်က “ရေဦးနယ်ထဲ က ဝင်လာတဲ့ ခွေးဘီလူးစစ်ကြောင်းနဲ့ ပြီးတော့ ကန့်ဘလူဘက်ကနေ စစ်ကူပေးဖို့ ဝင်လာတဲ့ ၅၅၀ ဆရာတော် ပေါ့နော် သင်္ကန်း အရေခြုံ ဝါသဝ ရယ် ပျူစစ်ကြောင်းရယ်ပေါ့နော် အဲဒီစစ်ကြောင်း နှစ်ခုပေါင်းပြီးတော့ ကျေးရွာတွေကို စီးနင်းဝင်ရောက်တယ်။ သူတို့ဘက်က သေဆုံးမှု များလာကျတော့ အခုလိုပဲ ပြည်သူတွေကို ဘာမဆိုင်ညာမဆိုင်ပဲနဲ့ အခုလို ခုတ်ထစ်၊ သတ်ဖြတ်သွားခဲ့တာဖြစ်တယ်” ဟု ပြောသည်။ 

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဆူးပါကုန်းကျေးရွာရှိ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၊ ၂၄ ရက်နေ့တွင် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး၊ ၂၆ ရက်နေ့တွင် ခနောရွာသစ်ကျေးရွာမှ အသက် ၅၀ ကျော် အရွယ် ရှိ ကြသော ရပ်ကျေး ပကဖတာဝန်ခံ ၁ ဦး၊ ပအဖ တာဝန်ခံ ၁ ဦး၊ မတ်လ ၁ ရက်နေ့တွင် အင်ပင်အိုင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဇီးပေါက်ကျေးရွာမှ အသက် ၅၀ ခန့်အရွယ် အမျိုးသားနှစ်ဦး၊ ရွာသစ် ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကံထူးမကျေးရွာ ရဲစခန်းအတွင်း ချုပ်နှောင်ထားသော အသက် ၃၀ နှင့် အသက် ၄၀ အရွယ်ရှိသော အချုပ်သား ပြည်သူ အမျိုးသား ၂ ဦး နှင့် ပန်းထိမ်ကုန်းကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး တို့ပါဝင်သည်။ အဆိုပါရွာသားများအား ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်၊ ခုတ်ထစ် ကာ သတ်ဖြတ်သွားခဲ့သည်ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီတပ်များသည် ပြည်သူများ အိပ်မောကျနေသော ညဉ့်နက်ပိုင်းအချိန်တွင် တိတ်တစိတ် ဝင်လာြခင်း ကြောင့် ပြည်သူများ တိမ်းရှောင်ချိန်မရဘဲ ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကိုထူးခန့်ဇော် က ပြောသည်။

“နေ့ခင်းပိုင်းတွေမှာ သူတို့စစ်ကြောင်းထိုးတာရှားတယ် ညနက်ပိုင်းတွေမှာ ပေါ့နော်။ ပြည်သူတွေ အိပ်မောကျ နေတဲ့ အချိန်မှာပဲ ကျေးရွာတွေကို အငိုက်ဝင်စီးတယ်ပေါ့နော်။ အခုလိုပဲ ပြည်သူတွေကို ဖမ်းဆီးတယ် သတ် ဖြတ်တယ်။ ဒီလိုတွေ လုပ်ဆောင်နေတာကြာပြီဗျ။”

ဘီလူးစစ်ကြောင်း၏ သတ်ဖြတ်ခြင်းကို ခံရသူများမှာ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကံထူးမ၊ ဝရငယ်၊ ဆူးပါကုန်း၊ ရွာသစ်ကုန်း၊ အင်ပင်အိုင်၊ ဇီးပေါက်၊ ပန်းတိမ်ကုန်းနှင့် ခံတောကျေးရွာတို့က ရွာသားများ ဖြစ်ပြီး အသတ်ခံရသူ အများစုမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက် သတ်ဖြတ်ခံထားရခြင်း ဖြစ်သည်။

ကိုထူးခန့်ဇော်က “အခုလိုပဲ ဘာအပြစ်မှမရှိတဲ့ပြည်သူတွေကို ခေါ်င်းတွေဖြတ်တယ် လက်တွေဖြတ်တယ် ဗိုက် တွေခွဲတယ်ပေါ့နော်။ အူတွေ နုတ်တယ်၊ အသည်းတွေ နုတ်တယ်။ အခုလိုပဲ ရက်ရက်စက်စက် လုပ်ပြတာ ဖြစ် တဲ့အတွက် လုပ်ပြနေတာကြောင့် ဒီစစ်ကြောင်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာပေါ့နော်။ တကယ်တမ်း မြေပြင်မှာ ကျနော်တို့ ကာကွယ်ရေး ရဲဘော်တွေ PDF တွေနဲ့ တိုက်ရဲခိုက်ရဲလို့ နာမည်ကြီးတာ မဟုတ်ဘူး။ အခု လိုပဲ ပြည်သူတွေကို လူမဆန်စွာ သတ်ပြနေတာကြောင့် ဒီစစ်ကြောင်းက နာမည်ဆိုးနဲ့ ကျော်ကြားနေတာပါ” ဟု ဆက်ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် တန့်ဆည်နယ် အနောက်ခြမ်းဘက်ရှိ PDF ၁၁ ဦးကို ဘီလူး ကွန်မန်ဒို စစ်ကြောင်းက သုတ်သင်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ 

စစ်ကောင်စီ၏ ထိုသို့ဖော်ပြမှုသည် မဟုတ်မှန်ကြောင်း၊ အသတ်ခံသည့်သူများမှာ လက်လုပ်လက်စား သာမာန် အရပ်သားများသာ ဖြစ်ပြီး ၎င်းတို့ထဲ၌ ရပ်ကျေး ပကဖ တာဝန်ခံ တစ်ဦးနှင့် ရပ်ကျေး ပအဖ တာဝန်ခံ တစ်ဦးသာ ပါဝင်သည်ဟု ဆိုသည်။

လက်ရှိတန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ပြည်သူများမှာ ၎င်းတို့၏ ရွာထဲသို့ ပြန်မလာရဲကြတော့ဘဲ အနီးအနား ဘေးလွှတ်နိုင်မည့် နေရာများတွင် ဆက်လက်တိမ်းရှောင်နေကြသည်။

ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နေကြသော သူများရှိသလို ပြန်လည်မဝင်ရောက်ရဲသေးပဲ ဆက်လက် တိမ်းရှောင်နေကြ သူများလည်း ရှိနေသေးသည်ဟုဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ တန့်ဆည်နယ်အတွင်း၌ ကျေးရွာ ၄၀ ကျော်မှ အရပ်သားပြည် သူပေါင်း ၃သောင်းကျော် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ် နေကြသည်။