ကျွန်းစုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ခြောက်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်။
ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ၂ ကြိမ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ၏ ပြန်ကြား ရေး တာဝန်ရှိသူက ပြောသည်။
ဂျိုးတောင်ကျေးရွာ၏ ဘုရားရှိခိုးကျောင်း အသစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ ခန့် ကို မတ်လ ၅ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်တွင် တစ်ကြိမ်၊ နံနက် ၉ နာရီခွဲတွင် တစ်ကြိမ်၊ စုစုပေါင်း ၂ကြိမ် ပူးပေါင်း စစ်ကြောင်း (၂) က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာ ဂျိုးတောင်ကျေးရွာသည် KNU ထိန်းချုပ်နယ်မြေနှင့် စစ်ကောင်စီစိုးမိုးရာ နယ်မြေတို့၏ အ ကြားတွင် တည်ရှိနေသည့် ကျေးရွာတစ်ရွာဖြစ်သည်ဟု ရွာသားများက ပြောသည်။
ပထမတစ်ကြိမ် တိုက်ခိုက်မှုတွင် နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပူးပေါင်းစစ်ကြောင်းဘက်မှ လက်ဦးမှု ရယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ များ ရရှိသွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။
ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ပြန်ဖြစ်ရာတွင် စစ်ကောင်စီဘက်မှ ဒရုန်းနှစ်စင်းနှင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ သည့် အတွက် တိုက်ပွဲကြာချိန် ၁၅ မိနစ်ဝန်းကျင်ခန့်တွင် ပူးပေါင်းစစ်ကြောင်း (၂) မှ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။
တိုက်ပွဲ ဖြစ်ပွားပြီးချိန်တွင် မောင်းလှော်ကျေးရွာဘက်မှ စစ်ကားနှစ်စီးနှင့် စစ်ကူများ ရောက်လာခဲ့ပြီးနောက် ယ
နေ့အချိန်ထိ တပ်စွဲထားဆဲဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားအချို့ နီးစပ်ရာတောတောင်များအတွင်း ရှောင်ပုန်းနိုင်ခဲ့ကြသော်လည်း မရှောင် နိုင်ခဲ့သည့် ရွာသားအများစုကို စစ်ကောင်စီတပ်မှ ရွာအပြင်သို့ ထွက်ခွင့်မပေးသည့်အတွက် ရွာထဲတွင် ပိတ်မိနေ ကြသည်ဟု စစ်ဘေးတိမ်းရှောင်နေရသူ အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ဆိုသည်။
ရွာသားတစ်ဦးက “ရှောင်လိုက်နိုင်တဲ့ ရွာသားက နည်းနည်းပဲဗျ၊ စစ်တပ်က ကျန်တဲ့ရွာသားတွေကို ရွာပြင် လုံးဝ မပေးထွက်သလို ဖုန်းလည်းမသုံးခိုင်းဘူးတဲ့။ အဆက်အသွယ်ရတုန်းက ပြောကြတယ်” ဟု ပြောသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) တွင် တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား အဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) ၏ တပ်ခွဲ (၂)၊ ကျွန်းစု – ပကဖ၊ ပုလော – ပကဖနှင့်
တိုင်းလုံခြုံရေးအဖွဲ့ ၊ Dragon Squad ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ပထမအပတ်နှင့် ဒုတိယအပတ်များတွင် ကျွန်းစုမြို့နယ်ထဲရှိ မင်းဂုတ်၊ မောင်းလှော်နှင့် ရတောင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရက်ရှည်တိုက်ပွဲများ ဖြစ် ပွားခဲ့သေးသည်။