ကျွန်းစု မြို့နယ်အတွင်း တနေ့ထဲ တိုက်ပွဲ သုံးကြိမ်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြာ တစ်ရက်တည်း တိုက်ပွဲ သုံးနေရာ ဖြစ်ပွားခဲ့ပြီး ပျူစောထီး ၄ ဦး သေဆုံးခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးများနှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) တို့ တော်လှန် ရေးနေ့ (မတ်လ ၂၇ ရက်နေ့) တွင် ပဲ့တိုင်ကျေးရွာ၊ ယမုံကျေးရွာနှင့် ယမုံမြစ်ဝ နေရာတို့တွင် တိုက်ပွဲများ ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
ပဲ့တိုင်ကျေးရွာမှ ပျူစောထီးစခန်းနှင့် ယမုံကျေးရွာရှိ ခဲလုပ်ကွက်များတွင် အစောင့်ချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို မတ်လ ၂၇ ရက်နေ့၊ နံနက် ၃ နာရီ အချိန်ခန့်တွင် တပြိုင်ထဲနက်ထဲ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) တာဝန်ရှိသူက ဆိုသည်။
ပဲ့တိုင်ကျေးရွာတိုက်ပွဲတွင် တစ်နာရီနီးပါး အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး နာရီဝက်နီးပါးအကြာ အပြန်အလှန် ပစ်ခတ်ခဲ့သည့် ယမုံရွာတိုက်ပွဲတွင် ပျူစောထီးနှစ်ဦး သေဆုံးခဲ့သည်ဟု ပဲ့တိုင်ရွာသားများက ပြောသည်။
ကျွန်းစု – ပကဖအဖွဲ့တာဝန်ရှိသူက “အဖွဲ့ခွဲပြီးဒရုန်းတွေနဲ့ပါသွားတိုက်ခဲ့ကြတာ၊မနက်၄နာရီခွဲလောက်မှာပဲ့တိုင်ရွာကိုရေကြောင်းကနေလှေနဲ့စစ်ကူဖို့လာတဲ့စစ်ကောင်စီနဲ့ပျူစောထီးအင်အား၃၀လောက်ကိုလည်းစောင့်ပြီးပစ်ခတ်လိုက်တာမောင်းလှော်ရွာကပျူစောထီးတစ်ယောက်နဲ့မင်းဂုတ်ရွာကတစ်ယောက်စုစုပေါင်းနှစ်ယောက်သေဆုံးခဲ့တယ်” ဟု ပြောသည်။
တိုက်ပွဲသုံးကြိမ်အတွင်း ပျူစောထီးအဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိနေခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း ၄င်းက ဆိုသည်။
စစ်ကူပေးရန် လိုက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထဲတွင် PDF များ ဝတ်ဆင်လေ့ရှိသည့် ယူနီဖောင်း များကို ဝတ်ဆင်လာသူများလည်း ရှိနေသည်ဟု ဆိုကြသည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းမရှိဘဲ အခြေအနေ တည်ငြိမ်လျက်ရှိနေသည်ဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ နှင့် မတ်လ ၁၁ ရက်နေ့ တွင်လည်း ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ကျေးရွာ၌ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) တွင် တနင်္သာရီမြို့နယ် ပကဖအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)၊ ကျွန်းစုမြို့နယ် – ပကဖအဖွဲ့၊ ပုလောမြို့နယ် – ပကဖအဖွဲ့၊ တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား အဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့ နှင့် Dragon squad ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ထားသည်။