စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့က ဘုန်ကြီးကျောင်းနှင့် နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှုကြောင့် ဇဝနာရာမ ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၅၀၀ နီးပါးလောက် မီးလောင်ပြာကျ ပျက်စီးခဲ့သည်။
ဆီဆိုင်မြို့၌ ဇန်နဝါရီလ နောက်ဆုံးပတ်က စတင်ပြီး ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် ၂ လကျော် တိုက်ပွဲကာလ ထဲ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်း၊ လက်နက်ကြီး စသည့် လက်နက်များနှင့် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုပစ်ခတ်မှုများထဲ ဇဝနာရာမဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် အဆောက်အအုံ အလုံးရေ ၅၀၀ နီးပါး ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဘုန်းကြီးကျောင်း ဆိုတာက ဆီဆိုင်မြို့ ဂုဏ်ဆောင်တင် မကဘူး။ ကျနော်တို့ တစ်မျိုးသားလုံးရဲ့ ဂုဏ်ဆောင် ကျောင်း ဖြစ်တယ်ပေါ့။ ပြီးတော့ သံဃာအပါး ၅၀၀ ကျော်ကို ပရိယတ္တိ ဗုဒ္ဓစာပေ သင်ကြားပို့ချနေတဲ့ တကယ့် သာသနာပြုကျောင်း ဖြစ်တယ်ပေါ့။ ဒါကို စစ်ကောင်စီက ဒီတော်လှန်ရေး အင်အားစုနဲ့ လူထုကြားတွေကို သွေးခွဲ ချင်တဲ့အတွက် ဒီကျောင်းတော်ကြီးတွေကို တမင်သက်သက်ကို တိုက်ခိုက် ဖျက်ဆီးတာပေါ့နော်။”
လတ်တလော ရရှိထားသည့် စာရင်းများမှာ မြေပြင်အခြေအနေအရ လုံခြုံရေး အနည်းငယ် စိတ်ချရသည့် နေရာ များကသာ ကောက်ယူထားခြင်းဖြစ်ပြီး ယခုစာရင်းထက်လည်း ထိခိုက်ပျက်စီးမှုက ပိုများနိုင်သည်ဟု ပအိုးဝ် ဒေသခံများက ပြောသည်။
ထို့အပြင် ယခု ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNA) ထောက်ခံသူများက တော်လှန်ရေး အင်အားစုများဘက်က လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။
အဆိုပါ ဝါဒဖြန့်မှု နှင့် ပတ်သက်၍ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အဲဒါကတော့ ဆင် သေကို ဆိတ်သရေနဲ့ ဖုံးဖို့ ကြိုးစားနေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နိုင်ငံလုံးမှာ ဘာ သာရေး အဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးတာ ဘယ်သူတွေပဲ လုပ်ဆောင်တယ် ဆိုတာ တစ်နိုင်ငံလုံး၊ တစ် ကမ္ဘာလုံး သိပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
နေအိမ် အဆောက်အအုံများ ပျက်စီးစေသည့် လက်နက်များ၊ ပေါင် ၅၀၀ ဗုံးများ၊ လေယာဉ်များမှာ တော်လှန် ရေး အင်အားစုများဘက်တွင် မရှိဘူးဟုလည်း PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
ထို့အပြင် “ပြီးတော့ အဲဒီလိုမျိုး ကြီးကြီးမားမား အဆောက်အအုံတွေကို ပျက်စီးသွားအောင် ပစ်ခတ်ဖျက်ဆီး နိုင်တဲ့ လက်နက်ကြီးတွေ၊ မီးလောင်ဗုံးတွေ၊ ပေါင် ၅၀၀ ဗုံးတွေက တော်လှန်ရေး အင်အားစုတွေထဲမှာ မရှိပါ ဘူး။ ဒီလို လက်နက်က စစ်ကောင်စီမှာပဲ ရှိတယ်ဆိုတာ ကမ္ဘာရော ပြည်သူရော သိပြီးသား ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီလိုမျိုး ဖျက်ဆီးပြီးတော့ တော်လှန်ရေး အင်အား စုတွေဘက်ကို လွှဲချဖို့ ကြိုးစားနေတာက ဆင် သေကို ဆိတ်သရေနဲ့ ဖုံးဖို့ ကြိုးစားနေတာလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
လတ်တလော၌ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်တို့က ဆီဆိုင်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ်နီးပါး ထိုးစစ်ဆင်နေပြီး မြို့ဧရိယာ၏ ၃ ပုံ ၂ ပုံမှာ တိုက်ပွဲများ၊ လေယာဉ်အပြင် လက်နက်ကြီးနှင့် ပစ် ခတ်မှုများထဲ မီးလောင်ပြာကျ ပျက်စီးကုန်ပြီဟု ဒေသခံများက ပြောသည်။
မတ်လ ၃၀ ရက်နေ့တုန်းကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပင်လောင်း – လွိုင် ကော် လမ်းမကြီးပေါ်ရှိ နောင်ဝိုးနှင့် ဆောင်းပြောင်းကျေးရွာကြားက လမ်းတံတားတစ်စီးကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ဖျက်ဆီးခဲ့သေးသည်ဟု ဆိုကြသည်။