လွိုင်ကော် အကျဉ်းထောင်မှ နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများ လွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်၊။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်မှ နိုင်ကျဉ်း ၁၃ ဦး အပါအဝင် အကျဉ်းသား ၃၈ ဦး လွတ်မြောက် လာသည်ဟု နိုင်ကျဉ်း မိသားစုဝင်တွေက ပြောသည်။
လွတ်ရက်စေ့ပြီ ဖြစ်သော အကျဉ်းသားများ ဧပြီလ ၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပြီး နိုင်ကျဉ်း ၁၃ ဦးတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၉ ဦး ပါဝင်သည်။
ကရင်နီနိုင်ငံရေး အကျဉ်းသား အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ခံ ကိုဇင်လင်းထက်က “သူတို့ လွတ် လာတော့ ကျနော်တို့ လွိုင်ကော်ထိ သွားခေါ်တယ်ပေါ့နော်။ သွားကြိုတယ်ပေါ့။ ကြိုပေးပြီးတော့ တချို့ဆိုရင် နေ ရပ်ပြန်ဖို့ ချိတ်ဆက်ပေးတာတွေ လုပ်ထားတယ်။ တချို့ဆိုရင် နေရပ်ပြန်ပို့ဖို့ အဆင်မပြေဘူး ဆိုရင် ကျနော်တို့က ခေါ်ထားပေးတာပေါ့။ အဲလိုမျိုး ပုံစံမျိုးနဲ့ ကျနော်တို့ လုပ်ပေးပါတယ်” ဟု ပြောသည်။
နိုင်ကျဉ်း အမျိုးသမီး ၃ ဦး အပါအဝင် စုစုပေါင်း ၈ ဦးအား နေရပ်သို့ ကူညီပို့ဆောင်လိုက်ပြီ ဖြစ်ပြီး ကျန် ၅ ဦး အား ၎င်းတို့ဒေသတွင် ခိုလှုံ့ခွင့်ပေး၍ သင့်တော်သည့် အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးသွားမည်ဟု KAPP တာဝန်ရှိသူများက ပြောသည်။
လွိုင်ကော် အကျဉ်းထောင်တွင် လွတ်ရက်စေ့သည့် အကျဉ်းသားများအား ချက်ချင်း လွတ်ငြိမ်းခွင့် မပေးဘဲ ၂ လ ထပ်မံ ချုပ်ထား၍ အကျဉ်းဦးစီး ဝန်ထမ်းများမှ လူအခွင့်ရေးချိုးဖောက်ခဲ့ဖူးသည်ဟု ကိုဇင်လင်းထက်က ဆက် ပြောသည်။
“ပုံမှန်အတိုင်းဆိုရင် သူတို့က အခုလွတ်ရက် ရောက်ပြီဆိုတာနဲ့ တန်းလွတ်တဲ့ ပုံစံမျိုး မဟုတ်တော့ဘူးပေါ့။ ၂ လ ကြာပြီးမှပဲ လွှတ်ပေးတယ်ပေါ့။ အဲတာက သိပ်အဆင်မပြေဘူးပေါ့နော်။ တချို့ဆို လွတ်ရက်စေ့ပြီ။ ဒါပေ မယ့် ထောင်ထဲမှာပဲ စောင့်နေရတယ်။ နောက်တခုက ကျန်ခဲ့တဲ့သူတွေက အခြေအနေအရ စားနှပ်ရိက္ခာ အခက် အခဲ ကြုံရဆဲပေါ့။ ကျနော်တို့က ဒီကြားထဲ ထောင်တွင်း အကျဉ်းသားတွေကို စားနှပ်ရိက္ခာ ပို့ပေးတယ်ပေါ့ နော်။ ဒါပေမယ့် ကြားထဲမှာ စစ်တပ်က ဖြတ်ယူလိုက်တယ်။ အဲလိုမျိုးတွေ ကြုံနေရတယ်ဆိုတော့ ထောင်ထဲမှာ ရှိနေတဲ့ လူတွေအတွက် အကူအညီတွေက မရောက်ပဲ ဖြစ်နေတာပေါ့။”
လွိုင်ကော် အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျနေသည့် နိုင်ကျဉ်း အယောက် ၁၃၀ ကျန်ရှိနေဆဲ ဖြစ်ပြီး လက်ရှိချိန်အထိ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံနေရဆဲ ဖြစ်သည်ဟု လွတ်မြောက်လာသူများ၏ ပြောပြ ချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း လွိုင်ကော်အကျဉ်းထောင်မှ နိုင်ကျဉ်း ၁၂ ဦး လွတ်မြောက်လာသည်ဟု အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။