စစ်ပဋိပက္ခအတွင်း ဖောက်ထွင်း ခိုးယူသူ ၈ ဦးကို ဖမ်းဆီးရမိ။ခိုးယူသူများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပါဝင်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဖောက်ထွင်းခိုးယူနေသည့် သူခိုး ၈ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တာဝန်ရှိသူများက ပြောသည်။
ဆီဆိုင်မြို့နေ ပြည်သူများ၏ တိုင်ကြားချက်ကြောင့် ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ပအိုဝ်းပြည့်သူ့စစ် (PNA) ၏ ဗိုလ်လေး ခွန်သုံ ဦးဆောင်သည်ဟု ဆိုသည်။
PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက “အဓိက စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ခိုးယူတဲ့ ပစ္စည်း အလိုက်ပေါ့နော်။ ဥပမာ တချို့က သူတို့ တစ်ကိုယ်စာ ဆန်တစ်အိတ် ဆီတစ်ဘူး ခိုးတာမျိုးလည်း ရှိတယ်။ တချို့ကတော့ ကားနဲ့ဝင်ပြီးတော့ အစီးလိုက် ပိုင်ရှင်ဟန်ဆောင်ပြီးတော့ ခိုးသယ်တာမျိုးလည်း ရှိတယ်။ အဲ့လို မျိုးကျတော့ သူတို့ ပြစ်ဒဏ်အလိုက် မတူဘူးပေါ့လေနော်။ ထောင်ဒဏ်ဆိုလည်း လကနေ နှစ်အလိုက် ရှိတာ ပေါ့။ အဲ့လိုမျိုးပေါ့” ဟု ပြောသည်။
သူခိုးများအား အမှုစစ် တရားစွဲဆို၍ PNLA အကျဉ်းဦးစီးဌာနတွင် စီရင်ချက်ချသွားမည် ဖြစ်ပြီး ယခင်ကလည်း သာမာန်ခိုးမှုများအတွက် ကြိမ်ဒဏ်၊ ငွေဒဏ်နှင့် အကြီးစား ခိုးမှုများအတွက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ဖူး သည်ဟု တပ်ရင်း တာဝန်ရှိသူများက ပြောပြသည်။
ဆီဆိုင်မြို့အတွင်း ဖမ်းမိသည့် သူခိုးများမှာ စစ်ကောင်စီတပ်နှင့် PNA အများစု ဖြစ်ပြီး ခိုးရာပါ ပစ္စည်းများအား ၎င်းတို့၏ မိသားစုများထံ ပို့ပေးနေသည်များလည်း ကြုံတွေ့ခဲ့ရသည်ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူက ဆက်ပြောသည်။
“အဓိက ဒီလိုပေါ့ ဥပမာ ရွာထဲ သူတို့ဝင် တပ်စွဲတယ်ဆိုရင် ရွာသားတွေက ထွက်ပြေးတာပေါ့။ အဲဒီတော့ စစ် ကောင်စီက ဆိုင်ကယ်တွေ၊ TV တွေ သူတို့ကိုယ်တိုင် ယူတာပေါ့။ ရတဲ့လူ ယူပြီးတဲ့အခါ စုပေါင်း ကားပေါ်တင် ပြီး နောက်တန်းတပ်ကို ပို့တာပေါ့နော်။ ပို့တဲ့အခါမှာကျတော့ ဒါကတော့ ဘယ်သူ့ဟာ ဖြစ်တယ်။ ဘယ်သူ့ အတွက် ဖြစ်တယ် ဆိုပြီး သူတို့ မိန်းမတွေရဲ့ နာမည်ကို ဆိုင်ကယ်ပေါ်မှာ ရေးတယ်။ ပုံစံကတော့ ဒီဆိုင်ကယ်ဟာ သူ့မိန်းမအတွက် အဲလိုမျိုး ပို့ပေးတာပေါ့။”
ဇန္နဝါရီလ ၆ ရက်နေ့ကလည်း PNLA တပ်သားများ လုံခြုံရေးကင်းလှည့်နေစဉ် ဆီဆိုင်မြို့တွင်း တစ်နေရာတွင် ဖောက်ထွင်းနေသည့် သူခိုး ၃ ဦးအား လက်ပူးလက်ကြပ် ဖမ်းမိခဲ့သေးသည်။
ဆီဆိုင်တိုက်ပွဲ စတင်သည့် ဇန္နဝါရီလ နောက်ဆုံးအပတ်မှ လက်ရှိအချိန်အထိ မြို့တွင်း၌ PNLA က ဖမ်းမိထား သည့် သူခိုးပေါင်း အယောက် ၂၀ ကျော်ရှိပြီး ၎င်းတို့အားလုံးကို PNLA အကျဉ်းဦးစီးဌာနတွင် ချုပ်နှောင်ထား သည်ဟု အမှုစစ် တာဝန်ရှိသူများက ပြောသည်။