လွိုင်ကော် အကျဉ်းသားများ အစားအစာနှင့် ဆေးဝါးလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်။ 

ကရင်နီပြည် လွိုင်ကော်အကျဥ်းထောင်မှ ကျဉ်းသားများ အစားအသောက်အပြင် ဆေးဝါးလိုအပ်မှုများ ရှိနေ သည်ဟု အကျဉ်းသားအရေး ဆောင်ရွက်နေသူများက ပြောသည်။

တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ထောင်ဝင်စာတွေ့ခွင့် အခွင့်အလမ်းမှာ ယခင်ကထက်ပိုခက်ခဲသွားပြီး စားနပ်ရိက္ခာများ ပို့ပေးရာတွင်လည်း အကျဉ်းသားများထံ မရောက်ဘဲ ထောင်အာဏာပိုင်များ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယူထားခဲ့သည်ဟု ဆိုသည်။

ကရင်နီ နိုင်ငံရေး အကျဉ်းသား အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ခံ ကိုဇင်လင်းထက်က စားနပ်ရိက္ခာ အခက်အခဲ ကြုံရဆဲပေါ့။ ကျနော်တို့က ဒီကြားထဲ ထောင်တွင်း အကျဉ်းသားတွေကို စားနပ်ရိက္ခာ ပို့ပေးတယ်ပေါ့နော်။ ဒါပေမယ့် ကြားထဲမှာ စစ်တပ်က ဖြတ်ယူလိုက်တယ်။ အဲ့လိုမျိုးတွေ ကြုံနေရတယ်ဆိုတော့ ထောင်ထဲမှာ ရှိနေတဲ့ လူတွေအတွက် အကူအညီတွေက မရောက်ပဲ ဖြစ်နေတာပေါ့ ဟု ပြောသည်။

လက်ရှိ လွိုင်ကော် အကျဥ်းထောင်၏ အခြေအနေမှာ ပြန်လွတ်လာသော အကျဥ်းသားများ၏ ပြောပြချက်အရ အစားသောက်နှင့် ဆေးဝါး ခက်ခဲ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟု KPPA ပြောရေးဆိုခွင့်ရှိသူ ကိုထားဖိုးက ပြောသည်။

နောက်ဆုံးအခြေနေနဲ့ပတ်သက်ပြီးကြားသိရတာပေါ့နော် စားရေးသောက်ရေးပိုင်းမှာ လုံးဝ အဆင်မပြေတော့ဘူးလို့တော့ပြောတယ်ပေါ့နော်။သူတို့စားရတဲ့ဆန်တွေဆိုတာကလည်း သဲတွေ ကျောက်တွေနဲ့ ရောနေတော့ မချက်ခင်မှာသူတို့သေသေချာချာ ဖယ်ရှားရတယ်။ ငါးပိကျတော့ ဒီနောက်ပိုင်းမှာ အစိမ်းလိုက်ကျွေးတယ်ပေါ့နော၊ ကျန်းမာရေးပိုင်းမှာဆိုရင်ဆေးဝါးတွေမရှိတော့ဘူး။ ပြီးတော့ဖျားနာတဲ့အချိန်မှာလည်း ဆရာဝန်တွေကြည့်ရှုစောင့်ရှောက်ခြင်းမရှိတော့ဘူးလို့ကြားသိရတယ်ဗျ။

လတ်တလောတွင် လွတ်ရက်စေ့ပြီ ဖြစ်သော အကျဉ်းသား ၃၈ ဦး ဧပြီလ ၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေး အကျဉ်းသာ ၁၃ ဦး ပါဝင်သည်ဟု ကရင်နီ နိုင်ငံရေး အကျဥ်းသားများ အစည်းအရုံး KPPA တာဝန်ရှိသူများက ပြောသည်။ 

အဆိုပါ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးထဲတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၉ ဦး ပါဝင်သည်။

ယခုပြန်လည် လွတ်မြောက်လာသော အကျဥ်းသား ၃၈ ဦး သည် ကြိုတင်အသိပေး အကြောင်းကြားထားခြင်းမျိုး မရှိဘဲ လွိုင်ကော်အကျဥ်းထောင်မှ လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု KPPA ပြောရေးဆိုခွင့်ရှိသူ ကိုထားဖိုးက ဆက် ပြောသည်။

ကြိုတင်ပြီးတော့အသိမပေးဘူးပေါ့နော်။အဲ့ဒီလွတ်မယ့်ရက် ည၁၂နာရီလောက်မှာ သူတို့လွတ်လိုက်တာပေါ့ သေချာစီစဥ်ထားတဲ့အနေအထားမျိုးမဟုတ်ပဲနဲ့ခေါ်ထုတ်သွားတယ်။ ပြီးရင်အဲ့ကနေမြို့မရဲစခန်းမှာ သူတို့သွားပြီးချခဲ့တယ်ပေါ့နော်။ မြို့မရဲစခန်းရောက်တဲ့အချိန်မှာ မနက်၂နာရီလောက်ရှိနေပြီ။ အဲ့ဒီအချိန်မှာမှကိုယ့်ရဲ့အဆက်အသွယ်တွေနဲ့ကိုယ်ဆက်သွယ်ပြီး မိမိနေရပ်ကိုပြန်ကြရတာပေါ့။

တစ်လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လွိုင်ကော်အကျဥ်းထောင်အတွင်း အကျဥ်းသားစုစုပေါင်း ၅၀၀ ကျော်ရှိနေပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် နိုင်ငံရေး အကျဥ်းသားများ အပါအဝင် အကျဉ်းသား ၆၅ ဦးကို ပထမ အကြိမ် လွတ်ပေးခဲ့သည်။

ယခု ဒုတိယအကြိမ်၌ လွတ်ရက်စေ့အကျဥ်းသား ၃၈ ဦး အပါအဝင် တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း လွိုင်ကော်အကျဥ်းထောင်အတွင်းမှ အကျဉ်းသား စုစုပေါင်း ၁၀၃ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီး အကျဥ်း ထောင်အတွင်း၌ နောက်ထပ် အကျဥ်းသား အယောက် ၄၀၀ နီးပါး ကျန်ရှိနေသေးသည်ဟု KPPA တာဝန်ရှိသူက ပြောသည်။

လွိုင်ကော် အကျဥ်းထောင်အတွင်း၌ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရ၍ ကျန်ရှိနေသော နိုင်ငံရေး အကျဥ်းသား တစ်ဦး၏ မိခင်ကလည်း လွတ်ရက် မစေ့သေးသော သူမ၏သား ပြန်လည် လွတ်မြောက်လာရေး မျှော်လင့်နေ သည်။

အဒေါ်လည်းမျှော်လင့်နေတာ။ သားထွက်လာမယ့်အရေးကိုမျှော်လင့်နေတာ။ နေ့စဥ်နဲ့အမျှပဲပေါ့နော်။ ပါလာမလား ပါလာမလား သူများထွက်လာတိုင်းလိုက်မေးနေရတာ အမောပဲ။စိတ်ပူတာတော့အများကြီးပဲ။ စားရသောက်ရရဲ့လားနေကောင်းရဲ့လား သူဘယ်အချိန်လွတ်လာမလဲဆိုတာမျှော်နေတာလေ။

လက်ရှိ လွိုင်ကော်မြို့အတွင်း၌ ပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် လွိုင်ကော်တက္ကသိုလ် အပါအဝင် စစ်ကောင်စီ၏ အဓိက ကျသော နေရာ ၁၂ နေရာကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိန်းချုပ်ထားသည်။

ထို့အပြင် အကျဉ်းထောင်၏ အနီးတစ်ဝိုက်ကိုလည်း တော်လှန်ရေးတပ်များမှ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ် သည်ဟု ကရင်နီတော်လှန်ရေး စစ်ရင်းသတင်း အရင်းအမြစ်များက ပြောသည်။