ကျုံပျော်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်။
ကျုံပျော်မြို့နယ်တွင် ပြည်သူများအား စစ်မှုထမ်း ဥပဒေကို အသုံးချ၍ ခြိမ်းခြောက် ငွေညှစ်သည် ဆိုသော အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများကပြောသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းကို ဧပြီလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခွဲ အချိန်ခန့်က ရွာသစ်ကုန်းကျေးရွာ အနီး မဲဂရက်-ရှားခဲ လမ်းမပေါ်တွင် ပစ်သတ်ခံရခြင်း ဖြစ် သည်ဟု ပြောသည်။
မဲဂရက်ကျေးရွာသားတစ်ဦးက “စစ်မှူထမ်း ဥပဒေကို အသုံးချပြီး နည်းမျိုးစုံနဲ့ ငွေရှာနေတာ။ ငွေမပေးနိုင်တဲ့ သူ တွေကို စစ်ထဲလိုက်ရမယ်။ ဒီမှာနာမည်စာရင်းရှိပြီးသား။ ထွက်ပြေးရင်လည်း ကျန်တဲ့ မိသားစုကို ဖမ်းမှာ ဆိုပြီး ခြိမ်းခြောက်သေးတာ” ဟု ပြောသည်။
စစ်ကောင်စီ အလိုကျ ပြည်သူများအား ဒုက္ခပေးနေသည်ကို ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့များမှ ပြီးခဲ့သော မတ်လ ၂၁ ရက်နေ့က စာထုတ် သတိပေးခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း အဆိုပါ သတိပေးချက်ကို ဦးဖိုးဆောင်းမှာ လိုက်နာခြင်းမရှိသဖြင့် ရှင်လင်းခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “စစ်မှုထမ်း ဥပဒေကို ပြတ်ပြတ်သားသား ပုံဖော်မှာလို့ ကြွေးကြော်ပြီး စစ်ကောင်စီ အလိုကျ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီးလုပ်နေတာ” ဟု ပြောသည်။
ပြန်လည်ခုခံခဲ့သဖြင့် ကျည် ၁၂ တောင့် အသုံးပြုကာ ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပစ်ခတ်ရှင်းလင်းခဲ့ရသည်ဟု ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ် ပြန်ထားသည်။
ရွာသစ်ကုန်းရွာသား တစ်ဦးက “စစ်သင်တန်းတက်ဖို့ ထောက်ပံ့ကြေး ကောက်တယ်။ ပြည်သူ့စစ်အတွက် ဆိုပြီး ငွေကောက်တယ်။ စီးပွားရေး ပြေလည်သူတွေကျ စစ်မှုမထမ်းရရေး လာဒ်ထိုးရတယ်။ မဲမပေါက်ရေး ငွေပေးရ တယ်။ ရတဲ့နည်းနဲ့ လုပ်စားနေ တာဗျ။ ရွာမှာလူငယ်တွေလည်း မရှိတော့ဘူး ထွက်ပြေးနေကြတာ” ဟု ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများသည် စစ်ကောင်စီ အလိုကျ ပြည်သူ့စစ် ဖွဲ့စည်းရန် နှင့် စစ်မှုထမ်းရန် အတင်းအကျပ် ပြည်သူများအား အဓမ္မခြိမ်းခြောက် ဖိအားပေးမှုများ ဆက်လက် လုပ်ဆောင် နေပါက ယခုကဲ့သို့ တိုက်ခိုက်ရှင်းလင်းသွားမည်ဟု ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတိပေး ထုတ်ပြန်ထားသည်။