စစ်ကောင်စီ စစ်သားအဓမ္မ ကျင့်ရန် ကြိုးပမ်းမှုမှ အမျိုးသမီးတစ်ဦး လွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
ဆီဆိုင်ဒေသဘက်က တောတွင်းတစ်နေရာ၌ စစ်ကောင်စီတပ်၏ ခြိမ်းခြောက် အဓမ္မပြုကျင့်ရန် ကြံစည်မှုမှ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး လုံခြုံသည့် နေရာတစ်နေရာတွင် ခိုလှုံခွင့် ရရေး လိုအပ်နေသည်။
ရှမ်းပြည် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောတွင်း တစ်နေရာတွင် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားအားထုတ်ခဲ့သည်ဟု စစ်ဘေး ရှောင် ကူညီရေး အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၄ ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသည့် အမျိုးသမီး၏ လုံခြုံရေးကြောင့် ဘေးကင်းသော နေရာရောက်မှ နီးစပ်သူများကို အသိပေးခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ကူညီပေးနေသူ တစ်ဦးက ပြောသည်။
“သူရောက်လာတယ်။ အဲဒီ အမျိုးသမီးကို သေနတ်ချိန်ပြီးတော့ တဲပေါ်ကို တက်ခိုင်းတာပေါ့နော်။ တဲပေါ်ရောက်တဲ့အခါမှာ တဲပေါ်မှာက တခြား နေမကောင်းတဲ့ လူတွေလည်း ရှိတယ်ပေါ့။ အဲဒီလူတွေကိုတော့ စကစတပ်သားက သေနတ်နဲ့ ချိန်ပြီးတော့ အကုန်လုံးထွက်ခိုင်းတာပေါ့နော်။ အဲဒီ အချိန်မှာပဲ အဲဒီ အမျိုးသမီးက ထွက်ပြေးသွားတာပေါ့။ အဲဒီ စစ်ကောင်စီတပ်သားက တဲပေါ်မှာရှိတဲ့ တခြားသူတွေကို မောင်းထုတ်အော်ဟစ် ကြိမ်းမောင်းနေတဲ့အချိန် အဲဒီ အမျိုးသမီးက ထွက်ပြေး လွတ်မြောက်သွားတာပေါ့နော်။ ဖိနပ်တောင် မပါတော့ဘူး ထွက်ပြေးတာ။”
ကျူးလွန်သူက ဆီဆိုင်မြို့၊ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၄၂၃)က တပ်သား ညီညီနိုင် ဆိုသူဖြစ်ပြီး ၎င်းက မူးယစ်ဆေး ပုံမှန်သုံးစွဲသူတစ်ဦးဖြစ်ကြောင်း ထွတ်ပြေး လွတ်မြောက်လာသည့် အမျိုးသမီးက ၎င်းအား ကူညီပေးနေသူများကို ပြောပြသည်။
လတ်တလောတွင် လွတ်မြောက်လာသူ အမျိုးသမီးကို စစ်ကောင်စီတပ်ဘက်က လိုက်လံရှာဖွေ နေသောကြောင့် ယာယီ ခိုလှုံရန်အတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခု လိုအပ်နေသည်။
အကူအညီပေးနေသူက “အဲ့ဒီ အမျိုးသမီးက အဲ့ဒီတဲကို ပြန်မသွားတော့ဘူးလေနော် ထွက်ပြေးသွားတာ။ လူက ဘာမှ မဖြစ်ဘူး လွတ်မြောက်လာတယ် ဆိုပေမယ့် စိတ်ဒဏ်ရာတော့ တော်တော်ကြီးကြီးမားမား ဖြစ်သွားတာပေါ့လေ။ အဲဒီ အမျိုးသမီးကတော့ ကြောက်နေရတာပေါ့။ အဲဒီ စစ်ကောင်စီတပ်သားနဲ့ ပြန်တွေ့ရင် သူအသတ်ခံရမလား အဲလိုမျိုးတွေ စိုးရိမ်ကြောက်ရွံ့မှု ဖြစ်နေတယ်လေနော်” ဟု ပြောသည်။
ဆီဆိုင် တိုက်ပွဲစတင်သည့် ဇန္နဝါရီလ နောက်ဆုံး အပတ်ကစပြီး ဧပြီလ ၁၅ ရက်နေ့အထိ ရှမ်းပြည်နယ် တောင် ပိုင်း၌ စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းကျော်ခန့်ရှိနေပြီး အများစုက စားဝတ်နေရေး အကူအညီများ လိုအပ်နေ ကြသည်ဟု ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းအနက် အချို့က တောတောင်များထဲ စစ်ဘေးရှောင်နေရပြီး အမျိုး သမီးများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့တို့က လူအခွင့်အရေး ချိုးဖောက်သည့် လုပ်ရပ် မျိုးများ ကျူးလွန်ခြင်းများ ရှိနေသည်ဟု စစ်ဘေးရှောင် အချို့က ဆိုသည်။