မောင်တောတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနစ် မေလ ၂၀ ရက်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက သရီကုန်ဘောင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အဘိုးအိုတစ်ဦးအပါအဝင် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျေးလက် ဆေးပေးခန်း အပါအဝင် နေအိမ် ၅ ထက်မနည်း ပျက်စီးသွားခဲ့သည်။

စစ်တပ်က သရီကုန်ဘောင်ကျေးရွာအား လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက ကျနော်တို့ မှာက လေကြောင်းကနေ ဗုံးကြဲလို့ အိမ်လေးငါးဆောင်လောက် ပျက် စီးသွားတယ်။ ကျနော်တို့ရွာက သရီကုန်ဘောင်ရွာပါ။ လေယာဉ်နဲ့ ပစ်နေတာလည်း ဆက်တိုက်ပဲ၊ လက်နက် ကြီးလည်း ဆက်တိုက်ပစ်နေပါတယ် ကျနော်တို့မှာကလေ။ အခုက လူသေတာမျိုးတော့ မရှိဘူး။ အိမ်ပျက်စီး ကုန်တာတော့ ရှိတယ် ဟု ပြောသည်။

မေလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က ဂျက်တိုက်လေယာဉ်နှင့် ဗုံး ၃လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျေးလက်ဆေးခန်းနှင့် လူနေအိမ် စုစုပေါင်း ၅ လုံးထက်မနည်း ထိမှန် ပျက်စီးသွားခဲ့သည်။

ဒဏ်ရာ ရတဲ့လူလား ၂ ယောက်ရှိတယ်ဗျ။ အဘိုးအို တစ်ယောက်နဲ့ ရွာသားတစ်ယောက်ပါ။ ဒီမှာက နေ့တိုင်း လက်နက်ကြီး ပစ်နေကြတာတော့ အကုန်လုံး အမြဲသတိထားနေရတယ်။ လူတွေ တစ်စုတည်း နေလို့လည်း မရဘူး။ နီးစပ်ရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှောင်၊ ပုန်းကြ အဲ့လိုဖြစ်နေတာ ဟု ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ မောင်တောင်မြို့နယ်ထဲ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို လေကြောင်း တိုက်ခိုက် မှုများ လုပ်နေပြီး သရီကုန်ဘောင်ကျေးရွာ တိုက်ခိုက်ခံရမှုထဲ ဒဏ်ရာရရှိသူများမှာ အသက် ၇၉ နှစ်အရွယ် ဦးညိုမောင် ဆိုသူနှင့် အခြားရွာသားနှစ်ဦးတို့ ဖြစ်ကြသည်။ 

ထို့အပြင် မေလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ် တောင်ပိုင်း၊ အငူမော် ကားလမ်းပေါ်ရှိ ကင်းချောင်း ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနှင့် လာရောက်ဗုံးကြဲချခဲ့ရာ ဒေသခံ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

သေဆုံးသူ ၃ ဦးထဲ အမျိုးသမီးနှစ်ဦးပါဝင်သည့်အပြင် ထိခိုက်ဒဏ်ရာရသွားသူများထဲတွင်လည်း အမျိုးသမီး ၃ ဦး ပါသည်ဟု ရွာသားတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် ကို ပြောသည်။

အလားတူမောင်တောမြို့၊ ကညင်းချောင်း စီးပွားရေးဇုန်အနီးက ကျေးရွာတစ်ရွာ၌လည်း မေလ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင်လည်း မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာအုပ်စုတွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများမှာ မြို့နားထိ ကပ်လာနေသည့် အတွက် ဒေသခံများက စိုးရိမ်နေကြသည်။