ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး (လဝက)မှ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၇ ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောသည်။

ထိုင်းလဝက၏ အထူးစီမံချက်ဖြင့် နေရာ ၆ ခုအား မေလ ၁၃ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်တွင် ရှောင်တခင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဖမ်းခံရသူ အားလုံးမှာ အထောက်အထားမဲ့ ရွှေ့ပြောင်း မြန်မာလုပ်သားများ ဖြစ်သည်ဟု ဆိုသည်။

ကိုယ်တိုင်ကြုံခဲ့ရသည့် အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက တံခါးသော့တွေ မဖွင့်ပဲနဲ့ အိမ်ကို ဝုန်းဒိုင်း ခေါက်တယ်။ TM 30 တို့ ဘာတို့ မမေးဘူး။ လူတွေမှာ Passport တွေ Work Permit တွေ ပြနိုင်တဲ့သူဆိုရင် ရတယ်ပေါ့။ သူတို့ လာစစ်တာ မှတ်တမ်း ယူချင်လို့ပါ ဆိုပြီးတော့ ဓါတ်ပုံတွေ ရိုက်တယ်။ ပြီးတော့ ပြန်သွား တယ်ပေါ့။ အဲ့ဒါက အထောက်အထားရှိတဲ့ သူတွေပေါ့။ အထောက်အထား မရှိသူတွေက ဘယ်လိုလဲဆိုတာ တော့ မသိလိုက်ရဘူး။ ဘာလို့လဲဆိုတော့ ဒီမှာဗျာ တိုက်ခန်းတွေကျတော့ သိတဲ့အတိုင်းပဲ ကော်ရစ်တာ ထွက်ပြီး တော့ ကြည့်နေလို့မရဘူး။ လမ်းမ မဟုတ်တော့လေ တစ်ခုပြီးတာနဲ့ တံခါးပတ်ပြီး နောက်တစ်ခန်းကို ကူးတဲ့ အသံတွေလည်း ကြားရတယ်။ အဲ့လိုမျိုး ဟု ပြောသည်။

ထိုင်းရဲချုပ်မှ အမိန့်ပေးခဲ့ပြီး တော်ဝင်ရဲတပ်ဖွဲ့နှင့် လဝက ဗျူရိုတို့မှ ရာဇဝတ်မှု စုံစမ်းနှိမ်နှင်းရေးနှင့် တရားမဝင် နေထိုင်သော နိုင်ငံခြားသားများအား စုံစမ်းစစ်ဆေးရေး စီမံချက်ဖြင့် မြန်မာနိုင်ငံသားများ နေထိုင်ရာ တိုက်ခန်း များတွင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက စိတ်ထိခိုက်မှုက ရှိတယ်။ မနက် ဝေလီဝေလင်း လက်နက်တွေနဲ့ လူတွေ အများကြီးက တံခါးခေါက်ပြီး မေးတာ မျိုးဗျာ။ ယူနီဖောင်းတွေနဲ့ ဆိုတော့ မြန်မာပြည်မှာ ၂၀၂၁ နောက် ပိုင်း နေခဲ့တဲ့သူ တစ်ယောက်အနေနဲ့ဆိုရင် ဒါစိတ် ပိုင်းဆိုင်ရာ မလုံခြုံမှုတော့ ဖြစ်တာပေါ့။ ဒါပေမယ့် အနည်းဆုံး ကိုယ်က ပြလိုက်နိုင်တယ် ဆိုတဲ့ အခြေအနေမှာ ဒါက လျော့သွားတယ်ပေါ့။ အထောက်အထားမဲ့ ဆိုတော့ သိတဲ့ အတိုင်းပဲ ဘယ်သူမှ မမဲ့ချင်ကြဘူးပေါ့။ ဒီလက်ရှိ မှာတော့ အထောက်အထားမဲ့ ဆိုရင်တော့ လုံခြုံရေးကို အခု ပိုပြီးတော့ သတိထားဖို့ပဲ အကြံပြုချင်ပါတယ် ဟု သတိပေး ပြောဆိုသည်။

ဖမ်းဆီးခံရသူများအား ချင်းမိုင်မြို့တွင်းရှိ ရဲစခန်းသို့ ပို့ဆောင်၍ စစ်ဆေးမှု အဆင့်ဆင့် ပြုလုပ်ပြီးနောက် တရား မဝင် နိုင်ငံအတွင်း ဝင်ရောက်လာသူများအဖြစ် အမှုဖွင့် တရားစွဲဆိုသွားမည်ဟု အဖမ်းခံရသူနှင့် နီးစပ်သူများက ပြောသည်။

ထိုင်းနိုင်ငံ၏ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံအတွင်း ခိုင်လုံသည့် အထောက်အထား မရှိဘဲ ခိုးဝင်နေထိုင်သူများအား ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

သို့သော် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သော်လည်း အလုပ်လုပ်ခွင့် Work Permit ရထားသူများ အနေ ဖြင့် စိုးရိမ်စရာ မရှိဘူးဟု ထိုင်းလဝကမှ ထုတ်ပြန်ထားသည်။