စစ်ကောင်စီ ယာဉ်တန်းမှ ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေနတ်ထိမှန်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်။ 

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းမှ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးငယ်တစ်ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဖြတ်သန်းသွားသည့် စစ်ကောင်စီ ရိက္ခာပို့ယာဥ်တန်းမှ လမ်း တလျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ခြင်းကြောင့်  မိန်းကလေး ငယ် တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

မေလ ၂၁ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်ခန့်က မြိတ်မြို့ဘက်မှ မောင်းနှင်လာသည့် ကား ၅ စီးပါ စစ်ကောင်စီ ကားတန်းမှာ ရမ်းဖို၊ ကမ်းတိုနှင့် ဘန်းလမွတ်ကျေးရွာများ တစ်လျှောက် မိုင်းဆွဲ၍ တိုက်ခိုက်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။

လမ်းတလျှောက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်းမှာ လမ်းတွင် ရပ်နားခြင်းမပြုဘဲ လက်နက်ကြီး၊ လက်နက်ငယ်နှင့် စက်လတ်များ အသုံးပြု၍ တရစပ် ပစ်ခတ်ပြီး ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း ရွာသား

တစ်ဦးက ဆိုသည်။

စစ်ကောင်စီ ယာဥ်တန်း ပစ်ခတ်မောင်းနှင်၍ သွားခဲ့ခြင်းကြောင့် အရှေ့မော်တုန်းကျေးရွာ အုပ်စုရှိ ကဒဲလိပ်ကျေးရွာကို ဖြတ်သန်းစဥ် နေအိမ်အတွင်းရှိနေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေနတ်ထိမှန်ဒဏ်

ရာရရှိခဲ့ခြင်း ဖြစ်သည်။ သေနတ်ထိမှန်ခဲ့သည့် မိန်းကလေးကို တနင်္သာရီမြို့ဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အိမ်ထဲမှာ နေရင်းထိသွားတာပါ။ ရွာထဲမှာက တခြားအိမ်တွေကို လည်း ကျည်မှန်တာ အများကြီးပါပဲ။ သူ့တစ်ယောက်ပဲ ကံဆိုးပြီး နဖူးမှာ တစ်ချက်၊ ပေါင်မှာ တစ်ချက် ကျည် ရှပ် ထိသွားတယ်ဟု ပြောသည်။

ထို့နောက် ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာသည့် နောက်ထပ်ရိက္ခာကား ၅ စီးကိုလည်း မြိတ်မြို့နယ်၊ တောင်ပုကျေးရွာ အနီးတွင် တစ်ကြိမ်၊ တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာနှင့် ကမ်းတိုကျေးရွာ အကြားတွင် တစ်ကြိမ်နှင့် ဘန်းလမွတ်ကျေးရွာအနီးတွင် တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ ရိက္ခာ ယာဥ်တန်းအား တိုက်ခိုက်မှုကို တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလော – ပကဖ၊ ဗိုလ်ခရင်းတပ်ဖွဲ့နှင့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မြိတ်မြို့ဘက်မှ ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီကား ၉ စီးကို မြိတ်မြို့ နယ် လသာကျေးရွာအနီးတွင် တစ်ကြိမ်၊ တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာအနီးတွင် တစ်ကြိမ်နှင့် ဘန်းလမွတ် ကျေးရွာ အနီးတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ထို့အပြင် ရိက္ခာပို့ဆောင်ပြီး မြိတ်မြို့ဘက်ကို ပြန်လာသည့် စစ်ကောင်စီ ကား ၇ စီးကိုလည်း မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး၌ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြသေးသည်။