ဆီဆိုင်တွင် အရပ်သား နေအိမ် အလုံး ၄၀ ကျော် ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်။
စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ဆီဆိုင်မြို့နယ်ထဲတွင် လူနေအိမ် အလုံး ၄၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ပြည်သူ တစ်သောင်းခွဲကျော်လည်း စစ်ဘေးရှောင်နေကြရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် အဖွဲ့ (PNA) ပူးပေါင်းတပ်တို့က လက်နက်ကြီး ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ၃ ရက်တာအတွင်း လူနေအိမ် အလုံး ၄၀ ကျော် ပျက်စီးခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)မှ ထုတ်ပြန်ထားသည်။
ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ) ကျေးရွာတွင် မေလ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များအတွင်း တပ်စွဲခဲ့ပြီးနောက် ပြည်သူ များ နေထိုင်သည့် လူနေအိမ် ၂၄ လုံးအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနေပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ထီဗွာကျေးရွာနေ အမျိုးသားတစ်ဦးက “ပြည်သူတွေကတော့ ထွက်ပြေးကြရတာပေါ့လေ။ ထွက်ပြေးတယ်ဆို တာက တချို့က တောထဲမှာ ထွက်ပြေးတိန်ရှောင်ပြီးတော့ နေကြရတယ်။ တချို့ကတော့ တောင်ကြီးတို့ ဆိုက် ခေါင်တို့ သူတို့ ဆွေမျိုးရှိတဲ့ နေရာတွေကို ထွက်ပြေးတိန်းရှောင်ကြရတာတွေ ရှိတယ်။ အများစုကတော့ ဘုန်း ကြီးကျောင်းတွေကို အားကိုးပြီးနေတယ်။ တချို့ကတော့ အမျိုးတွေဆီမှာ နေကြတာပေါ့နော်” ဟု ပြောသည်။
အလားတူ မေလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင်လည်း နောင်ကျောနှင့် ကောင်ဝိန်းကျေးရွာသို့ စစ်ကောင်စီ နှင့် PNA ပူးပေါင်းတပ်တို့က လက်နက်ကြီး အလုံးရေ ၁၀၀ ကျော် ပစ်ခတ်ခဲ့ပြီး လူနေအိမ် ၁၈ လုံးခန့် မီးလောင် ပြာကျ ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်များမှာ ထိုကျေးရွာ ၂ ရွာတွင် လတ်တလောအချိန်ထိ အထိုင်ချတပ်စွဲထား လျက်ရှိရာ ကျေးရွာနေ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အကူအညီများ လိုအပ်နေ သည်ဟု ဆိုသည်။
နောင်ကျောရွာတွင် နေထိုင်သူ တစ်ဦးက “တချို့ကတော့ ထွက်ပြေးတုန်းက စားဖို့ဆန်တွေ ယူပြေးနိုင်တာ ရှိ တယ်။ တချို့ကတော့ အဲ့လို ယူပြေးနိုင်တာ မရှိဘူး။ အဲဒီတော့ ဖြစ်သလို ရှာစားနေရတဲ့ အနေအထား ရှိတယ်။ အဲဒီ ဘုန်းကြီးကျောင်းတို့ ဆွေမျိုးဆီရောက်တဲ့ လူတွေကလည်း ဆွေမျိုးတွေကို အမှီပြုပြီး စားတယ်။ ဘုန်း ကြီးကျောင်းမှာနေတဲ့ လူကလည်း အလှူရင်ကို မှီခိုပြီးမှပဲ စားနပ်ရိက္ခာကို ဖြေရှင်းနေရတဲ့ အနေအထား ရှိ တယ်။ ဒါကြောင့် ရေရှည်အတွက် လုံးဝမလွယ်တဲ့ အနေအထား ဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များမှာ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အနှံ့အပြား၌ စစ်ကြောင်းထိုး လျက်ရှိရာ ကောင်ဝိုင်း၊ နောင်ကျော၊ ထီဗွာ၊ ကန်တော်လေး စသည့်ကျေးရွာများမှ ပြည်သူ ၁၅,၀၀၀ ကျော်ခန့် လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။
ဧပြီလ ၂၀ ရက်နေ့တုန်းကလည်း နားခိုက်ကျေးရွာရှိ PNLA ဒု-ဥက္ကဋ္ဌ နေအိမ်နှင့် ကုန်စုံဆိုင် အပါအဝင် ပြည်သူ ပိုင် နေအိမ် ၈ လုံးအား စစ်ကောင်စီ နှင့် PNA ပူးပေါင်းတပ်တို့က မီးရှို့ဖျက်ဆီးခဲ့သေးသည်။
ဆီဆိုင်တိုက်ပွဲ စတင်သည့် ဇန္နဝါရီလ ၂၁ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ စစ်ကောင်စီ၊ PNA တပ်များ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းသုံး တိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် ဘာသာရေး အဆောက်အအုံ ပေါင်း ၆၅၁ လုံးခန့် မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု ပအိုဝ်းလူငယ် အစည်းအရုံးက ထုတ်ပြန်ထားသည်။