သံတံတား စစ်ဆေးရေးဂိတ် တိုက်ခံရ၊ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ အနည်းဆုံး လေးဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ၊မေလ ၂၈ ရက်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့ မြို့မရပ်ကွက်ရှိ သံတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင် လေးဦးထက် မနည်းသေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။
သံတံတား စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ နှင့်ပျူစောထီးအဖွဲ့ဝင်များကို ဒေါင်းညီနောင် စစ်ကြောင်း နှင့် ကော်သူးလေတပ်မတော် KTLA ပူးပေါင်းပြီး မေလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရတဲ့ သံတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့သည့် မတ်လအတွင်းက ဆောက်လုပ်ထားခဲ့ ခြင်း ဖြစ် သည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “မနက်စောစော လဖက်ရည်သောက်နေချိန် စပြီး ပစ်ခတ်လိုက်တာ ပါ။ ရုတ်ချည်း အလစ်ပစ်ခံရတာဆိုတော့ သေနတ်တောင် ယူလို့မခင်ဘူး။ လေးယောက်ကတော့ နေရာမှာတင် သေ တာ။ ကျန်တာက ဒဏ်ရာနဲ့ ထပ်သေတယ်လို့တော့ ကြားရတယ်” ဟု ပြောသည်။
ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးအဖွဲ့ဝင် ၄ ဦးတို့ အခင်းဖြစ် ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း တိုက်ပွဲ တွင် ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။
ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်က ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ သည့် အပြင် ပေါ်တော်မူကျောင်း နောက်ဘက်ရှိ တောင်တက် လမ်းပေါ်မှလည်း မနားတမ်းပစ်ခတ်ခဲ့သေး ကြောင်း ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခြင်းကြောင့် သံတံတား စစ်ဆေးရေးဂိတ်ကို ချက်ချင်း ပြန်ပိတ်ခဲ့ပြီး မေလ ၂၅ ရက် နေ့၊ နံနက် ၉ နာရီခွဲမှ လမ်းပြန်ဖွင့်ပေးခဲ့ခြင်းကြောင့် ခရီးသွားလာကြသည့် ကားများ သုံးနာရီခွဲခန့် အကြာ ပိတ်မိ နေခဲ့ကြသည်။
တိုက်ခိုက်ခံရသည့် သံတံတားကို မေလ ဒုတိယအပတ်မှ စတင်ပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဂိတ် တံတားဖွင့်ပေးခြင်းကြောင့် လမ်းသွားလမ်းလာများ အခက်အခဲဖြစ်နေကြရကြောင်း ကားသမားတစ်ဦးက ဆိုသည်။
သံတံတား စစ်ဆေးရေးဂိတ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိနေပြီး အများစုမှာ ပျူစောထီးနှင့် ပြည်သူ့ စစ်အဖွဲ့ဝင်များ ဖြစ်ကြကြောင်း မြို့ခံများက ပြောသည်။
ယခု မေလအတွင်း အဆိုပါ သံတံတား စစ်ဆေးရေးဂိတ်တွင် အသက် ၂၀ နှစ်ဝန်းကျင်ခန့် အရွယ် လူငယ် အမျိုး သားလေးဦး ဖမ်းဆီးခံခဲ့သည်။ အဆိုပါ လူငယ်အမျိုးသားလေးဦးအတွက် စစ်ကောင်စီတပ်ဖွဲ့များက ငွေကြေး တောင်းခံပြီးမှ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။